အားပေးနေမည့် ပရိသတ်များအတွက် အကောင်းဆုံးရလဒ်ရရှိအောင် စွမ်းဆောင်သွားမည် ဟု မောင်မောင်လွင် ဆို

အားပေးနေမည့် ပရိသတ်များအတွက် အကောင်းဆုံးရလဒ်ရရှိအောင် စွမ်းဆောင်သွားမည် ဟု မောင်မောင်လွင် ဆို

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ မောင်မောင်လွင် က အားပေးနေမည့် ပရိသတ်များအတွက် အကောင်းဆုံးရလဒ်ရရှိအောင် စွမ်းဆောင်သွားမည် ဟု ဧရာဝတီယူနိုက်တက်အသင်းနှင့် ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်-၉ အဖြစ် ဧရာဝတီယူနိုက်တက်အသင်း နှင့် မတ်လ ၇ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ပုသိမ်မြို့၊ ကျောက်တိုင်ကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

“လာမယ့် ပွဲက နှစ်သင်းစလုံးအတွက်ကတော့ ခက်ခဲမယ့် ပွဲဖြစ်လာမှာပါ။ သူတို့အသင်းကို ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်သွားမလဲဆိုတာကတော့ လာမယ့် စနေနေ့ပွဲမှာစောင့်ကြည့်ကြဖို့ ပြောချင်ပါတယ်” ဟု ဆိုခဲ့သည်။

ဆက်လက်ပြီး “ကျွန်တော်တို့အသင်းက ချန်ပီယံဖြစ်ဖို့အတွက် ဦးတည်ပြီးသွားနေတဲ့အတွက် ဒီပွဲကို မဖြစ်မနေနိုင်မှရပါမယ်။ မဖြစ်မနေအနိုင်ရဖို့ဆိုတာထက် လုံးဝမရှုံးဖို့က ပိုအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရှုံးသွားရင် အဆင့် ၃ ကို ရောက်သွားနိုင်တယ်။ သရေဆိုရင်တောင် ဂိုးကွာခြားချက်နဲ့ အဆင့် ၂ မှာရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြအဖွဲ့တွေရော ကျွန်တော်တို့ ကစားသမားတွေပါ အကောင်းဆုံး ရင်ဆိုင်ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။” ဟု၎င်း က ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့၏ ယခင်နှစ်တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ရရှိထားခဲ့သည်။

တစ်ဖက်အသင်း ကစားပုံနှင့် ပတ်သက်၍ ပြင်ဆင်ထားပုံများကို ၎င်း က ယခုလိုပြောကြားခဲ့သည်။ “သူတို့ရဲ့ ကစားပုံတွေ၊ ဘယ်လိုတိုက်စစ်ဆင်သလဲ၊ ဘယ်လိုခံစစ်ပုံစံနဲ့ ကစားသလဲဆိုတာကို လေ့လာထားပါတယ်။ ကိုယ့်အသင်းမှာလည်း ဘယ်နေရာအားနည်းတယ်၊ အားသာတယ်ဆိုတာကို ပြန်သုံးသပ်ပြီး ပြင်ဆင်ထားပါတယ်။”

မောင်မောင်လွင် က “ပြီးခဲ့တဲ့ ရခိုင်နဲ့ပွဲမှာ ဝေးတဲ့အတွက် လိုက်မကြည့်နိုင်ကြပါဘူး။ သေချာတာကတော့ လာမယ့် ဧရာဝတီနဲ့ ပွဲမှာ ပရိသတ်တွေ အများအပြား လာရောက် အားပေးကြမယ်လို့ ယုံကြည်ပါတယ်။ လိုက်ကြည့်မယ့် ပရိသတ်တွေရော၊ TV နဲ့ Facebook ကနေ အားပေးနေမယ့် ပရိသတ်တွေအတွက် ကျွန်တော်တို့တွေ အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်” ဟု ပရိသတ်များကို ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၈ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၀ မှတ် ဖြင့် အဆင့် ၂ နေရာတွင်ရောက်ရှိနေပြီး ဧရာဝတီယူနိုက်တက်အသင်းသည် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။