အသေးစိတ်ကစပြင်ဆင်ပြီး အနိုင်ရလဒ်ရရှိအောင် ပြင်ဆင်ထားသည် ဟု ဇာနည်ထက် ပြောကြား

အသေးစိတ်ကစပြင်ဆင်ပြီး အနိုင်ရလဒ်ရရှိအောင် ပြင်ဆင်ထားသည် ဟု ဇာနည်ထက် ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကစားသမား ဇာနည်ထက် က တစ်ပွဲနှင့် တစ်ပွဲကို မလျော့ဘဲ အသေးစိတ်ကစပြင်ဆင်ပြီး အနိုင်ရလဒ်ရရှိအောင် ပြင်ဆင်ထားသည် ဟု ပြောကြားခဲ့သည်။

ဇာနည်ထက် က “တစ်ဖက်အသင်းက ဘယ်လိုကစားတတ်တယ်၊ ဘယ်ကစားသမားတွေကို သတိထားပြီး ယှဉ်ပြိုင်ရမလဲ စတာတွေကို သေချာလေ့လာပြီး ပြင်ဆင်ထားပါတယ်။ လေ့ကျင့်ချိန်မှာလည်း နည်းပြပြသတဲ့အတိုင်း လိုက်နာပြီး ပြိုင်ပွဲမှာအသုံးချသွားမှာပါ။” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရခိုင်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို မနက်ဖြန် စက်တင်ဘာလ ၂၄ ရက်၊ ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်ကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဆက်တိုက်ပွဲထွက်ခွင့်ရနေသည့်အပေါ် ပျော်ရွှင်မိကြောင်း နှင့် ပွဲကြပ်များလာသည့်အတွက် လုပ်အားနှုန်းကို ဆက်လက်ထိန်းသိမ်းပြီး ယှဉ်ပြိုင်သွားမည့်အကြောင်းကို ဇာနည်ထက် က
“လက်ရှိမှာ ပွဲထွက်ခွင့်တွေ တောက်လျှောက်ရှိနေတဲ့အတွက် ပျော်မိပါတယ်။ ကိုယ်တိုင်လည်း အသင်းအတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ ဒါပေမယ့် ပွဲတွေက စိပ်လာတဲ့အတွက် ကိုယ့်ရဲ့ လုပ်အားနှုန်းကိုတော့ ကျေနပ်မှုမရှိပါဘူး။ ဒါကြောင့် အနားရတဲ့အချိန်တိုင်းကို သေချာနားပြီး ပွဲတွေမှာအင်ပြည့်အားပြည့်ကစားနိုင်အောင် ကြိုးစားနေပါတယ်။” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန်အသင်းက အီမာနျုရယ် ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ရခိုင်အသင်းကို အနိုင်ရရှိခဲ့သည်။

“ရန်ကုန်အသင်းကစားသမားတစ်ယောက်အနေနဲ့ ဘယ်ပွဲမဆို အရေးကြီးတဲ့ပွဲတစ်ပွဲလို့မှတ်ယူပြီး အကောင်းဆုံးယှဉ်ပြိုင်ပါတယ်။ လာမယ့် လက်ကျန်ပွဲတွေမှာလည်း ဘယ်အသင်းနဲ့ ပဲဖြစ်ဖြစ် သေချာယှဉ်ပြိုင်ပြီး ရလဒ်ကောင်းတစ်ခုရရှိအောင် ရည်မှန်းထားပါတယ်။” ဟု လက်ကျန်ပွဲစဉ်များနှင့် ပတ်သက်၍ ၄င်း က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဇာနည်ထက် က “ကျွန်တော်တို့အသင်းကို ဆက်လက်အားပေးကြပါဦး။ ပရိသတ်တွေစိတ်မပျက်အောင် ပြင်ဆင်ပြီး လက်ကျန်ပွဲတွေကို အကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်။ ကစားသမားတွေအားလုံး သေချာအလုပ်လုပ်ပြီး ကြိုးစားနေပါတယ်။” ဟု ဆိုခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၅ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၃ ပွဲသ‌ရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၀ ရရှိထားပြီး ရခိုင်ယူနိုက်တက်အသင်းက ၁၅ ပွဲကစား၊ ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။