အသင်းသားတွေအားလုံး တက်ညီလက်ညီ စုစုစည်းစည်းနဲ့ အနိုင်ရလဒ်ရရှိအောင် ကြိုးစားသွားမည် ဟု မောင်မောင်လွင် ဆို

အသင်းသားတွေအားလုံး တက်ညီလက်ညီ စုစုစည်းစည်းနဲ့ အနိုင်ရလဒ်ရရှိအောင် ကြိုးစားသွားမည် ဟု မောင်မောင်လွင် ဆို

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မောင်မောင်လွင် က အသင်းသားတွေအားလုံး တက်ညီလက်ညီ စုစုစည်းစည်းနဲ့ အနိုင်ရလဒ်ရရှိအောင် ကြိုးစားသွားမည် ဟု ဟံသာဝတီယူနိုက်တက်အသင်းနှင့် ပွဲမတိုင်မီတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ဩဂုတ်လ ၂၆ ရက်နေ့၊ ညနေ ၃း၃၀နာရီ၊ သုဝဏ္ဏကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ကွင်းလယ်ကစားသမား မောင်မောင်လွင် သည် ပြီးခဲ့သည့်မကွေးအသင်းနှင့် ပွဲစဉ်တွင် ခြေစွမ်းပြကစားခဲ့သည့်ကစားသမားတစ်ဦးဖြစ်သည်။

“ပွဲတွေနားထားရာကနေ ကျွန်တော်တို့ ပထမဦးဆုံး မကွေးအသင်းနဲ့ ကစားပြီး ၆-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်တယ်။ ဂိုးတွေလည်း ဖန်တီးပေးနိုင်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ နောက်လာမယ့် ပွဲတွေမှာလည်း အသင်းဖော်တွေကို အကောင်းဆုံးဖန်တီးပေးပြီး ကိုယ်တိုင်လည်း သွင်းယူနိုင်အောင် ကြိုးစားသွားပါမယ်။” ဟု ၄င်းက ဆိုသည်။

ဆက်လက်ပြီး မောင်မောင်လွင် က “ဟံသာဝတီအသင်းက လက်ရှိမှာ အကောင်းဆုံးပုံစံရရှိနေတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေကလည်း သူတို့အသင်းရဲ့ အားနည်းချက်တွေကို ဘယ်လိုအခွင့်အရေးယူပြီး ကစားမလဲ၊ အားသာချက်တွေ ဘယ်လိုပြန်ပြီးတိုက်စစ်ဆင်မလဲ စသဖြင့် လေ့လာပြီး ပြင်ဆင်ထားပါတယ်။” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၈ ပွဲကစားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ်၁၇ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ဟံသာဝတီယူနိုက်တက်အသင်းသည် ၈ ပွဲကစား၊ ၇ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ်၂၁ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ဦးဆောင်လျက်ရှိသည်။

ရန်ကုန်ယူနိုက်တက်အသင်းကို အားပေးနေကြသည့် ပရိသတ်များကို မောင်မောင်လွင် က “နောက်လာမယ့်ပွဲတွေမှာလည်း တစ်သင်းလုံးတက်ညီလက်ညီနဲ့ တိုက်ပွဲဝင်ပြီး ယှဉ်ပြိုင်သွားပါမယ်။ ပရိသတ်တွေအနေနဲ့လည်း ကွင်းထဲထိလာရောက်မကြည့်နိုင်ပေမယ့် TV ကနေကြည့်ရှုအားပေးနေမယ့် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကလည်း ပရိသတ်တွေလိုချင်တဲ့ အနိုင်သုံးမှတ်ရရှိပြီး ချန်ပီယံဖြစ်အောင် ဒီထက်ပိုပြီး ကြိုးစားသွားပါမယ်။” ဟု ပြောကြားခဲ့သည်။