အနိုင်ရလဒ်နဲ့အတူ အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

အနိုင်ရလဒ်နဲ့အတူ အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၅ အဖြစ် မြဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ဂျုနီယာ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် မြဝတီအသင်းကို အနိုင်ရရှိခဲ့သည်။
ပထမပိုင်း ၄၅ မိနစ်တွင် ရန်ကုန်အသင်း အပိုင်အခွင့်အရေးသုံးလုံးရရှိခဲ့ပြီး ဂျုနီယာနှင့် ဇော်ဝင်းသိန်းတို့၏ အပိုင်ဂိုးသွင်းခွင့် အခွင့်အရေးများ ရရှိခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၄၇ မိနစ်တွင် ဝင်းနိုင်ထွန်းကို ပင်နယ်တီဧရိယာ အတွင်း ဖြတ်ထုတ်ပုံကြမ်းတမ်းသည့်အတွက် ရန်ကုန်အသင်းပင်နယ်တီ ကန်ခွင့် ရရှိခဲ့သည်။ ထိုပင်နယ်တီကို ဂျုနီယာ ကကန်သွင်းယူခဲ့ပြီး ရန်ကုန်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ပွဲချိန်တစ်လျှောက် မြဝတီအသင်း၏ တိုက်စစ်ဆင် ကစားမှုများကို ရန်ကုန်နောက်တန်းနှင့် ဂိုးသမားဆန်းဆက်နိုင်တို့ အကောင်းဆုံး ကာကွယ်ဟန့်တားနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန် ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး သုံးမှတ်ရယူနိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “မြဝတီအသင်းက အသင်းကောင်းတစ်သင်းပါ၊ ခက်ခက်ခဲခဲလည်း ကစားခဲ့ရပါတယ်။ အနိုင်ရရှိတဲ့အတွက်လည်း အားရကျေနပ်မိပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၃ ပွဲယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။