အခက်အခဲတွေရှိပေမယ့် ဟံသာဝတီယူနိုက်တက်အသင်းနဲ့ပွဲစဉ်ကို အကောင်းဆုံးရင်ဆိုင်မည်ဟု ထက်ဖြိုးဝေ ဆို

အခက်အခဲတွေရှိပေမယ့် ဟံသာဝတီယူနိုက်တက်အသင်းနဲ့ပွဲစဉ်ကို အကောင်းဆုံးရင်ဆိုင်မည်ဟု ထက်ဖြိုးဝေ ဆို

မနက်ဖြန်ယှဉ်ပြိုင်ကစားရမယ့် ဟံသာဝတီယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးရင်ဆိုင်ပြီး အနိုင်ရရှိအောင် ကြိုးစားသွားမယ်လို့ ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ ထက်ဖြိုးဝေက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၈)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်ကို ဩဂုတ်လ ၁၄ ရက်နေ့၊ ညနေ ၃:၀၀ နာရီအချိန်၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နဲ့ ပတ်သတ်ပြီး ထက်ဖြိုးဝေက “အခုအချိန်မှာတော့ ကစားသမားတွေက အစုံအလင် မရှိတဲ့အတွက်ကြောင့် အသင်းက တည်ရတာ အနည်းငယ်ခက်ခဲနေတယ်ဆိုပေမယ့်လည်း ရင်ဆိုင်ရမယ့် အသင်းကိုတော့ အကောင်းဆုံးရင်ဆိုင်ပြီး အနိုင်ရရှိအောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ထက်ဖြိုးဝေက ပရိသတ်များကို “ကျွန်တော်တို့ ရှေ့ပွဲတွေမှာ ရမှတ်ဆုံးရှုံးခဲ့ရလို့ ပရိသတ်တွေ မျှော်လင့် သလို ဖြစ်မလာခဲ့တဲ့အတွက် ခုလာမယ့်ပွဲတွေကိုတော့ အနိုင်ကစားပြီး ပျော်ရွှင်မှုပေးချင်ပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၇ ပွဲ ယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၄ နေရာတွင် ရပ်တည်နေပြီး ဟံသာဝတီယူနိုက်တက်အသင်းကတော့ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၆ နေရာတွေ ရပ်တည်နေသည်။