ဟံသာဝတီယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ရမှတ်ခွဲယူ

ဟံသာဝတီယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ရမှတ်ခွဲယူ

ယနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် နောက်တန်းကစားသမား ထိုက်ထိုက်အောင် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်လာခြင်းမရှိဘဲ သူရိန်စိုး က ပွဲထွက်ကစားခဲ့ပြီး ဒဏ်ရာအနည်းငယ်ရှိနေသည့် မောင်မောင်လွင် နေရာတွင် ရန်ပိုင်စိုး ဝင်ရောက်ကစားခဲ့သည်။ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပွဲစဉ်တွင် နှစ်သင်းစလုံး ဂိုးရရှိရေးအတွက် အပြိုင်ကြိုးစားခဲ့ကြသည်။ ပွဲချိန် ၁၃ မိနစ်တွင် တစ်ဖက်အသင်း ကန်ချက်ကို ဂိုးသမား ကျော်ဇင်ထက် ကာကွယ်ရာမှ လျှံထွက်လာသည့် ဘောလုံးကို အဘူဘာကာ အကောင်းဆုံး ရှင်းထုတ်နိုင်ခဲ့သည်။ ပွဲချိန် ၁၆ မိနစ်တွင် ဇာနည်ထက် ဘယ်ခြမ်းက ဂိုးရှေ့ကန်တင်ပေးမှုကို အီမာနျုရယ် ခေါင်းတိုက်သွင်းယူရန် ကြိုးစားသော်လည်း လွဲချော်ခဲ့သည်။ ပွဲချိန်တစ်လျှောက် တစ်ဖက်နှင့် တစ်ဖက် အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အသင်း ဂိုးသမား ကျော်ဇင်ထက် က ယနေ့ပွဲစဉ်တွင် အကောင်းဆုံး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်းတွင် အီမာနျုရယ် အစား ဘာဖို၊ ရန်ပိုင်စိုး အစား မောင်မောင်လွင် လူစားဝင်ရောက်ကစားခဲ့ပြီး ဂိုးရရှိရေးအတွက် ကြိုးစားခဲ့သည်။ မိနစ် ၇၀ နောက်ပိုင်းတွင် ကြည်လင်း ကွင်းလယ်ကတဆင့် ညာခြမ်းရှိ မောင်မောင်လွင် ဆီပေးပို့ရာမှ မောင်မောင်လွင် အပိုင်ကန်သွင်းရန်ကြိုးစားသော်လည်း ဂိုးလွန်ဘောဖြစ်ခဲ့သည်။ ၄ မိနစ်အကြာတွင် ရန်နိုင်ဦး က တစ်ဖက်နောက်တန်းကြားထဲသို့ လမ်းကြောင်းချပေးသည့် ဘောလုံးကို မောင်မောင်လွင် ထပ်မံကန်သွင်းရန်ကြိုးစားသော်လည်း ဂိုးသမား ဖမ်းမိခဲ့သဖြင့် ဂိုးရခွင့်နစ်နာခဲ့သည်။ ထို့နောက် ကြည်လင်း က ကွင်းလယ်ကတဆင့် ဘယ်ခြမ်းရှိ ကောင်းထက်စိုး ထံကန်တင်ပေးရာ ကောင်းထက်စိုး ခေါင်းတိုက်သွင်းယူရန်ကြိုးစားသော်လည်း ဂိုးဘားတန်းကျော်ခဲ့သည်။ ပွဲချိန် ၇၈ မိနစ်တွင် ကောင်းထက်စိုး အစား ငြိမ်းချမ်းအောင် ဝင်ရောက်ခဲ့ပြီး ပိုမို ဖိအားပေးကစားနိုင်ခဲ့သည်။ လက်ကျန်အချိန်များတစ်လျှောက် ရန်ကုန်အသင်း ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း အပိုင်အသုံးမချနိုင်သဖြင့် ပွဲပြီးဆုံးချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမင်းထွန်းလင်း က “ကျွန်တော်တို့အသင်း ဒီနေ့မှာ ကောင်းကောင်းအလုပ်လုပ်ပြီး ကစားသွားတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်။ ရလဒ်အနေအထားကိုတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အများကြီး ကြိုးစားရပါဦးမယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၅ ပွဲကစား၊ ၉ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၀ မှတ်ရရှိထားပြီး လာမည့် စက်တင်ဘာ ၂၄ ရက်နေ့တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်ကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။