သန်းပိုင် ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဟောင်ဂန်းအသင်းကို အနိုင်ရရှိ

သန်းပိုင် ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဟောင်ဂန်းအသင်းကို အနိုင်ရရှိ

AFC Cup 2020 (Group-F) ပြိုင်ပွဲအဖြစ်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်အသင်း နှင့် စင်္ကာပူကလပ် ဟောင်ဂန်းအသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ဟောင်ဂန်းအသင်းကို သန်းပိုင် ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်တွင် ရန်ကုန်အသင်းက ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ယှဉ်ပြိုင်လာပြီး အီမာနျုရယ် တစ်ဦးတည်းကို တိုက်စစ်နေရာတွင်ထားကစားစေခဲ့သည်။

ပထမပိုင်းတွင် ရန်ကုန်အသင်းခြေအသာဖြင့် ဧည့်သည်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး မောင်မောင်လွင် ကန်တင်ပေးမှုများမှ ဘာဖိုနှင့် အောင်ကျော်နိုင်တို့ ဂိုးကန်သွင်းများရရှိခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့၍ ဂိုးရခွင့်နစ်နာခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် အီမာနျုရယ် ဘယ်ခြမ်းမှ ဂိုးရှေ့ချပေးသည်ကို အောင်ကျော်နိုင် အပြင်းကန်သွင်းရန် ကြိုးစားသော်လည်း လွဲချော်ခဲ့သည်။ ဆက်လက်ပြီး ဆက်တိုက် တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၃၂ မိနစ်တွင် အီမာနျုရယ် တစ်ဦးတည်း နောက်တန်းကို ကျော်ဖြတ်ပြီး ကန်သွင်းခဲ့သော်လည်း ဂိုးလွန်ဘောဖြစ်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

ဒုတိယပိုင်းတွင် ရန်ကုန်အသင်းဘက်မှ တစ်ဖက်အသင်းကို ဆက်တိုက်ခြိမ်းခြောက်ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ဂိုးရခွင့်များ နစ်နာခဲ့သည်။ ထို့နောက် အီမာနျုရယ်အစား သန်းပိုင်၊ အောင်ကျော်နိုင်အစား ဇင်မင်းထွန်း၊ ရှိုရီ အစား ငြိမ်းချမ်းအောင် တို့ ဝင်ရောက်ခဲ့ပြီး တိုက်စစ်အပြောင်းအလဲဖြင့် ဂိုးရရှိရန်ကြိုး စားခဲ့သည်။ ပွဲချိန် ၈၀ မိနစ်တွင် ရန်ကုန်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး မောင်မောင်လွင် က အနီးတွင်ပါလာသည့် သန်းပိုင် ကို ပေးပို့ခဲ့ရာမှ သန်းပိုင် အကောင်းဆုံး ကန်သွင်းယူနိုင်ခဲ့သည်။ ရန်ကုန်အသင်း ဆက်လက်ထိန်းကစားနိုင်ခဲ့ပြီး အချိန်ပို ၄ မိနစ်တွင် ဇင်မင်းထွန်း နှင့် သန်းပိုင် တို့ ဂိုးကန်သွင်းခွင့် ထပ်မံရရှိခဲ့သော်လည်း တစ်ဖက်နောက်တန်း ဟန့်တားနိုင်ခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဟောင်ဂန်းအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် “ အနိုင်သုံးမှတ်ရခဲ့ပေမယ့် ဒီနေ့ပွဲကစားပုံကိုတော့ အားမရပါဘူး။ အဆုံးသတ်တွေသာကောင်းခဲ့ရင် ဒီထက်ဂိုးပိုရမှာပါ။ ဒီနေ့နိုင်ပွဲက နောက်တဆင့် တက်ဖို့အတွက် ခြေလှမ်းတစ်လှမ်းလို့ ပြောလို့ရပါတယ်။” ဟု ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်း က ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၃ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်ရရှိထားပြီး ဧပြီလ ၁၅ ရက်နေ့၊ စင်္ကာပူနိုင်ငံတွင် ဟောင်ဂန်းယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။