လာမည့် ဟံသာဝတီ ယူနိုက်တက်အသင်းနှင့်ပွဲစဉ်အတွက် အာရုံစိုက်ပြင်ဆင်နေသည် ဟု ကောင်းထက်စိုး ပြောကြား

လာမည့် ဟံသာဝတီ ယူနိုက်တက်အသင်းနှင့်ပွဲစဉ်အတွက် အာရုံစိုက်ပြင်ဆင်နေသည် ဟု ကောင်းထက်စိုး ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်း ညာတောင်ပံကစားသမား ကောင်းထက်စိုး က လာမည့် ဟံသာဝတီ ယူနိုက်တက်အသင်းနှင့်ပွဲစဉ်အတွက် အာရုံစိုက်ပြင်ဆင်နေသည် ဟု ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ပွဲမှာ အမှားတွေရှိခဲ့တယ်။ အဲ့ဒီအမှားတွေကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။” ဟု ပွဲကြိုပြင်ဆင်ထားမှုများကို ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်းနှင့် မနက်ဖြန် စက်တင်ဘာ ၁၉ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

“ဟံသာဝတီအသင်းက အခုဆို ချန်ပီယံလမ်းကြောင်းပေါ်သွားနေတဲ့အသင်း ဖြစ်တဲ့အတွက် သူတို့အသင်းကို အကောင်းဆုံး တုန့်ပြန်ကစားနိုင်အောင် ပြင်ဆင်ထားပါတယ်။ သူတို့အသင်းကို ပထမအကျော့မှာ ရှုံးထားခဲ့တဲ့အတွက် လာမယ့် ဒုတိယအကျော့တွေ့ဆုံမှုမှာ ပြန်လည်ချေပနိုင်ဖို့ ကြိုးစားသွားပါမယ်။” ဟု ကောင်းထက်စိုး က ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း တို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ဟံသာဝတီက ၃-၁ ဂိုးနှင့် ရန်ကုန်အသင်းကို အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဟံသာဝတီအသင်းနှင့် ယှဉ်ပြိုင်ရန် လေ့ကျင့်ချိန် ၂ ရက်သာ ရရှိခဲ့ပြီး ကြံ့ခိုင်မှုနှင့် ပတ်သက်၍ ၄င်း က “ကျွန်တော်တို့ ရှမ်းအသင်းနဲ့ ပွဲအပြီး လေ့ကျင့်ချိန် ၂ ရက် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲတွေကလည်း တစ်ပွဲနဲ့တစ်ပွဲအရမ်းကပ်နေတော့ ကိုယ့်ကိုယ်ကို ကြံ့ခိုင်နေအောင် သေချာအနားယူပြီး ပွဲအတွက် ပြင်ဆင်ထားပါတယ်။” ဟု ဆိုသည်။

ကောင်းထက်စိုး က “လက်ကျန်ပွဲတွေကို ဆက်လက်အားပေးကြပါဦး လို့ပြောချင်ပါတယ်။ ကျွန်တော်တို့ကလည်း အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံးပုံစံနဲ့ ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၄ ပွဲကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၂၉ မှတ်နှင့် အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး ဟံသာဝတီယူနိုက်တက်အသင်းက ၁၄ ပွဲကစား၊ ၁၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရမှတ် ၃၆ မှတ်နှင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။