ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာရမှတ်ရရှိရေးကြိုးစားယှဉ်ပြိုင်မည်ဟု ရန်ကုန်အသင်းခေါင်းဆောင် ရန်နိုင်ဦး ဆို

ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာရမှတ်ရရှိရေးကြိုးစားယှဉ်ပြိုင်မည်ဟု ရန်ကုန်အသင်းခေါင်းဆောင် ရန်နိုင်ဦး ဆို

မနက်ဖြန်ယှဉ်ပြိုင်ကစားရမယ့် ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ရမှတ်ရရှိရေး ကြိုးစားယှဉ်ပြိုင် ကစားသွားမယ်လို့ ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ရန်နိုင်ဦးက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၇)တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်ကို ဩဂုတ်လ ၆ ရက်နေ့၊ ညနေ ၃:၀၀ နာရီအချိန်၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နဲ့ ပတ်သတ်ပြီး ရန်နိုင်ဦးက “ကျွန်တော်တို့ သေချာပြင်ဆင်နေပါတယ်၊ ရှမ်းယူနိုက်တက်နဲ့ပွဲမှာ အဓိကကတော့ အနိုင် ၃ မှတ် ဒါမှမဟုတ် အနည်းဆုံးသရေတစ်မှတ်ရရှိအောင် ကြိုးစားကစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ရန်နိုင်ဦးက ပရိသတ်များကို “ဒီပွဲက ရာသီဝက်ချန်ပီယံနေရာအတွက် အရေးပါတဲ့ ပွဲစဉ်ပါ၊ ကျွန်တော် တို့လည်း ကြိုးစားမှာဖြစ်လို့ အားပေးကြပါ” ဟု ထပ်မံပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းသည် ၆ ပွဲကစား၊ ၆ ပွဲနိုင်၊ ရမှတ် ၁၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။