ရှမ်းယူနိုက်တက်ဂိုးသမားဘုန်းသစ္စာမင်းကိုယခုနှစ်ရာသီကုန်ထိခေါ််ယူ

ရှမ်းယူနိုက်တက်ဂိုးသမားဘုန်းသစ္စာမင်းကိုယခုနှစ်ရာသီကုန်ထိခေါ််ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ ဘောလုံးရာသီကြိုတင်ပြင်ဆင်မှုအဖြစ် ယခင်ရှမ်းယူနိုက်တက်အသင်း ဂိုးသမား ဘုန်းသစ္စာမင်းကို ယခုနှစ်ရာသီကုန်အထိခေါ်ယူလိုက်ပြီဖြစ်သည်။
ရန်ကုန်ဇာတိဖြစ်သည့် ဘုန်းသစ္စာမင်းသည် ၂၀၁၂ ခုနှစ်မှစတင်ကာ နေပြည်တော်အကယ်ဒမီတွင် ဘောလုံးပညာကိုစတင်သင်ယူခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင်လူငယ်သက်တမ်းအလိုက်ပြိုင်ပွဲများတွင် လက်စွမ်းပြပါဝင်ကစားခဲ့သည့် လူငယ်ကစားသမားတစ်ဦးဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိပြီး လူငယ်လက်ရွေးစင်အသင်းတွင် လက်စွမ်းပြကစားခဲ့သည့် ဘုန်းသစ္စာမင်းသည် ၂၀၁၆ ခုနှစ်တွင် ရှမ်းယူနိုက်တက်(ယူ-၂၀)အသင်းနှင့်စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် (ယူ-၂၀) လူငယ်အမှတ်ပေးချန်ပီယံဖလား ကိုဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရှမ်းယူနိုက်တက်အကြီးသင်းသို့ရောက်ရှိ ခဲ့ပြီး ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တို့တွင် အသင်းနှင့်အတူ ကွင်းဖွင့်ဖလားနှင့် မြန်မာနေရှင်လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့သည်နှင့်ပတ်သက်၍ ၎င်းက “ကျွန်တော်ဇာတိဖြစ်တဲ့ရန်ကုန်က အသင်းလည်းဖြစ်တဲ့အပြင် မြန်မာနေရှင်လိဂ်ရဲ့အကောင်းဆုံးကလပ်အသင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီအသင်းမှာ ကန်ဖို့ကျွန်တော်ကလည်းစိတ်ဝင်စားတယ်၊ အောင်မြင်တစ်ခုရအောင်လည်းလုပ်ပြချင်တယ်။ ကျွန်တော့်ကိုယုံယုံကြည်ကြည်နဲ့ခေါ်ပေးတဲ့အသင်း ဥက္ကဌနဲ့တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ အသင်းအတွက် လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးပေးဆပ်ကစား သွားပါမယ်လို့ပြောချင်ပါတယ်။” ဟု ဆိုခဲ့သည်။