ရာသီကြိုခြေစမ်းပွဲတွင် GFA အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ

ရာသီကြိုခြေစမ်းပွဲတွင် GFA အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ

၂၀၂၃ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် တတိယမြောက် ခြေစမ်းပွဲစဉ်အဖြစ် GFA အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၁ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံးကို ဆယ်လာက သွင်းယူပေးခဲ့ခြင်း ဖြစ်ပြီး GFA အသင်းအတွက် သန်းတိုးအောင် က သွင်းယူပေးခဲ့သည်။
ပုံမှန်ပွဲကစားချိန်အတိုင်းကစားခဲ့ရာ ပွဲကစားချိန်ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ဆန်းဆက်နိုင် (ဂိုး)၊ ဟိန်းဇေယျာလင်း၊ ဟာဘီလာ၊ မင်းကျော်ခန့်၊ ဇာနည်ထက်၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ ကောင်းထက်စိုး၊ ဉက္ကာနိုင်၊ လမင်းထွေး၊ ဆယ်လာတို့ဖြင့် ပွဲထွက်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦး‌ဆောင်ဂိုးကို ပွဲကစားချိန် ၆ မိနစ်တွင် ဉက္ကာနိုင် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောမှတဆင့် ဆယ်လာက သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၂၆ မိနစ် တွင် သန်းတိုးအောင် က GFA အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် ပထမပိုင်းပွဲကစားချိန်အပြီးတွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဆန်းဆက်နိုင် (ဂိုး) (ဘုန်းသစ္စာမင်း)၊ ဇင်ကိုထက်(ညဏ်လင်းထက်)၊ ဟာဘီလာ (ကျော်ဖြိုးဝေ)၊ ဟိန်းဇေယျာလင်း (ဇော်ရဲထွန်း၊ သူရိန်စိုး)၊ ဇာနည်ထက် (ဒေးဗစ်ထန်)၊ လှိုင်းဘိုဘို(ရန်ကျော်စိုး)၊ ရန်နိုင်ဦး (တာယာဝင်းထက်)၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင် (စအောင်ပြည့်ကို)၊ ဝင်းနိုင်ထွန်း၊ ဆယ်လာ (ရန်ကျော်ထွေး) တို့ဖြင့် ပွဲထွက်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် ဒေးဗစ်ထန်ရဲ့ ဖြတ်တင်ပေးပို့မှုမှတဆင့် ဆယ်လာက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့သည်။ ထို့နောက် ၂ သင်းလုံး ဂိုးထပ်မံသွင်းယူ နိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် ပွဲပြီးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက GAF အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီအတွက် လက်ရှိအချိန်ထိ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲယှဉ်ပြိုင်ကစားထားခဲ့ရာ ကချင်ယူနိုက်တက်အသင်းကို ၃ ဂိုး ဂိုးမရှိ၊ မဟာယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုး၊ GFA အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်များဖြင့် ခြေစမ်းပွဲ ၃ ပွဲလုံး အနိုင်ရရှိထားခဲ့သည်။