ရမှတ်ပြည့်အတွက် ယှဉ်ပြိုင်သွားမည် ဟု ကွင်းလယ်ကစားသမား မောင်မောင်ဝင်း ဆို

ရမှတ်ပြည့်အတွက် ယှဉ်ပြိုင်သွားမည် ဟု ကွင်းလယ်ကစားသမား မောင်မောင်ဝင်း ဆို

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မောင်မောင်ဝင်း က လာမည့်ရတနာပုံနှင့် ပွဲတွင် ရမှတ်ပြည့်ရရှိအောင် ယှဉ်ပြိုင်သွားမည် ဟု ပြောကြားခဲ့သည်။

မောင်မောင်ဝင်းက “ပြီးခဲ့တဲ့ပွဲမှာ ရလဒ်မကောင်းခဲ့တဲ့အတွက် အဲ့ဒီကအမှားတွေကို သေချာသုံးသပ်ပြီး လာမယ့်ပွဲမှာ အနိုင်သုံးမှတ်ရရှိအောင် ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်။” ဟု လာမည့်ရတနာပုံအသင်းနှင့် ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မကြာသေးမီက နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး နည်းပြချုပ် ဦးတင်မောင်ထွန်း နေရာတွင် ဦးမင်းထွန်းလင်း ကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

နည်းပြအသစ်နှင့် ပတ်သက်၍ မောင်မောင်ဝင်း က “အခုအသင်းကိုရောက်လာတဲ့ နည်းပြချုပ် ဦးမင်းထွန်းလင်း နဲ့က အရင်ကျွန်တော်ကစားခဲ့တဲ့ ဇွဲကပင်ယူနိုက်တက်အသင်းမှာ တွေ့ခဲ့ဖူးပါတယ်။ သူ့ရဲ့ နည်းစနစ်တွေ ကိုလည်းကြိုက်ပါတယ်။ ပရိသတ်တွေအတွက် သူဘယ်လောက်ထိလုပ်ပြသွားမလဲဆိုတာကို လာမယ့်ပွဲမှာတွေ့မြင်နိုင်မှာပါ။” ဟု ပြောကြားခဲ့သည်။

“ရတနာပုံအသင်းမှာ ပြည်တွင်းကစားသမားတွေပဲဆိုပေမယ့် အရည်အချင်းရှိတဲ့ ကစားသမားတွေ အသင်းကို ထိန်းကျောင်းနိုင်တဲ့ ကစားသမားတွေအများကြီးပါပဲ။ ဒါကြောင့် သူတို့အသင်းကို အကောင်းဆုံးတုန့်ပြန်ပြီး အနိုင်သုံးမှတ်အတွက် ကြိုးစားယှဉ်ပြိုင်သွားပါမယ်။” ဟု ၄င်းက သုံးသပ်ပြောကြားခဲ့သည်။

ဆက်လက်ပြီး မောင်မောင်ဝင်း က “လာမယ့်ရတနာပုံနဲ့ ပွဲကိုအကောင်းဆုံးကြိုးစားသွားပါမယ်။ ပရိသတ်တွေလည်း ကွင်းထဲထိလာရောက်ကြည့်လို့ မရတဲ့အတွက် TV ကနေတဆင့် ကျွန်တော်တို့အသင်းကို အားပေးနေကြဖို့ ပြောချင်ပါတယ်” ဟု ပရိသတ်များကို အားပေးရန်ဖိတ်ခေါ်ခဲ့သည်။

ပွဲစဉ် ၉ ပွဲယှဉ်ပြိုင်ပြီးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ရတနာပုံအသင်းသည် ၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်လျက်ရှိသည်။