ရန်နိုင်ဦး က လာမည့် ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေသည် ဟု ဆို

ရန်နိုင်ဦး က လာမည့် ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေသည် ဟု ဆို

မြန်မာလက်ရွေးစင် နှင့် ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ရန်နိုင်ဦး က လာမည့် ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေသည် ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် စက်တင်ဘာလ ၁၆ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

“အသင်းဟောင်းနဲ့ ပြန်လည်တွေ့ရတာဖြစ်ပေမယ့် အနိုင်ရဖို့အတွက် အဓိကထား ကြိုးစားသွားမှာပါ။ သူတို့အသင်းကလည်း နိုင်ဖို့ကြိုးစားမယ်။ ကျွန်တော်တို့အသင်းကလည်း အနိုင်ရမှတ် အတွက် သေချာယှဉ်ပြိုင်မယ်။ နှစ်သင်းစလုံး အနိုင်ရမှတ်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကြမှာဆိုတော့ ဒီတစ်ပတ်ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။” ဟု ၄င်းက ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ရန်နိုင်ဦး က “ရှမ်းယူနိုက်တက်အသင်းက အသင်းကောင်းတစ်သင်းပါ။ သူတို့အသင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်ပါမယ်။ ဒါ့အပြင် သူတို့အသင်းရဲ့ အားနည်းချက်တွေ အားသာချက်တွေကို နည်းပြကလည်း သေချာရှင်းပြထားတဲ့အတွက် အကောင်းဆုံး လေ့ကျင့်ပြင်ဆင်နေကြပါတယ်။” ဟု ဆိုသည်။

ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ၂-၂ ဂိုးဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

“လာမယ့်ပွဲမှာ ချန်ပီယံလမ်းကြောင်းပေါ်ဆက်လျှောက်ဖို့ အရေးကြီးတဲ့ ပွဲဖြစ်ပေမယ့် ကျွန်တော်တို့အတွက် ဖိအားမရှိပါဘူး။ လက်ရှိမှာကျွန်တော်တို့အသင်းက ပုံစံကောင်းတစ်ခုရနေပါတယ်။ သူတို့လည်း အတူတူပါပဲ။ ဒါကြောင့် အာရုံပိုစိုက်ပြီး အလုပ်လုပ်တဲ့အသင်းက အနိုင်ရမှာဖြစ်တဲ့အတွက် ပိုပြီး အာရုံစိုက်ကစားသွား မှာပါ။” ဟု ၄င်း ကဆိုသည်။

“ပရိသတ်တွေကလည်း ဒီပွဲက ပွဲကောင်းဖြစ်တဲ့အတွက် ကွင်းထဲလာရောက်ကြည့်ချင်မှာပါပဲ။ ဒါပေမယ့် ကွင်းပိတ်ကစားတာဖြစ်တဲ့အတွက် ရုပ်သံလိုင်းတွေကနေ အားပေးကြပါ။ ကျွန်တော်တို့ကလည်း အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု ပရိသတ်များကို ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်းသည် ၁၃ ပွဲကစား၊ ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၉ မှတ်တူ ရရှိထားပြီး ရန်ကုန်အသင်းက ၂ ဂိုးအသာဖြင့် အဆင့် ၃ နေရာတွင်လည်းကောင်း၊ ရှမ်းအသင်းက အဆင့် ၄ နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်နေသည်။