ရန်ကုန်အသင်းက မြဝတီအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိ

ရန်ကုန်အသင်းက မြဝတီအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိ

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက မြဝတီအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက်အနိုင်ဂိုးများကို လမင်းထွေးနှင့် ထက်ဖြိုးဝေ တို့ကသွင်းယူပေးခဲ့ကြသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လူငယ်ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲစပြီး ၇ မိနစ်အကြာတွင် ဇော်ဝင်းသိန်း ဘယ်ခြမ်းက ဂိုးရှေ့မတင်ပေးမှုကို လမင်းထွေးအပြင်း ကန်သွင်းခဲ့ရာ အားများပြီး ဂိုးလွန်ဘောဖြစ်ခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက်ဦးဆောင်ဂိုးကို ပွဲချိန် ၁၃ မိနစ်တွင် လမင်းထွေး ညာခြေဖြင့် ဘယ်ခြမ်းမှတဆင့် ဂိုးသမားညာဘက်ထောင့်သို့ အပြင်းကန်သွင်းယူခဲ့ပြီး ရန်ကုန်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် တောက်လျှောက် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၇ မိနစ်တွင် ရန်နိုင်ဦး ၁၈ ကိုက်စည်းထိပ် ချပေးသည့်ဘောလုံးကို ထက်ဖြိုးဝေ ညာခြေဖြင့်အပိုင်ကန်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းစပြီး ၆၇ မိနစ်တွင် ထက်ဖြိုး‌ဝေ ဘယ်ခြမ်းကဆွဲလာပြီး ဂိုး‌ရှေ့ချပေးရာ ဒေးဗစ်ထန်း အနီးကပ်ကန်သွင်းရန်ကြိုးစားသော်လည်း လွဲချော်ခဲ့သည်။ ပွဲချိန် ၆၈ မိနစ်တွင် ထက်ဖြိုးဝေအစား ကျော်မင်းဦး ဝင်ရောက်ကစားခဲ့သည်။ ရန်ကုန်အသင်း ဂိုးကန်သွင်းခွင့်များရရှိခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ထပ်မံဂိုးရရှိခြင်းမရှိဘဲပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်ဦးမင်းထွန်းလင်းက“ပွဲဦးထွက်ဖြစ်တဲ့အပြင် ကစားသမားတွေ နှစ်ရာသီလောက်ဘောလုံးနဲ့ ဝေးကွာနေတယ်။ နှစ်ရာသီလောက်နားပြီးပြန်ကစားတာဖြစ်တဲ့အတွက် ယနေ့ပွဲမှာ အနိုင်ရလဒ်ရရှိတာဝမ်းသာပါတယ်။ ကစားသမားတွေလည်း ဒီထက်ပိုတိုးတက်ဖို့လိုသေးတယ်။” ဟုဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြဝတီအသင်းကို အနိုင်ရရှိခဲ့ပြီး သုံးမှတ်ပြည့်ရရှိကာ လာမည့် ဇူလိုင်လ ၇ ရက်နေ့တွင် ရတနာပုံအသင်းနှင့် သုဝဏ္ဏကွင်းတွင်ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။