ရန်ကုန်အသင်းကအား/ကာသိပ္ပံအသင်းကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိ

ရန်ကုန်အသင်းကအား/ကာသိပ္ပံအသင်းကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်အဖြစ် အား/ကာသိပ္ပံအသင်းနှင့် ယနေ့ညနေ ၃း၃၀ နာရီကရန်ကုန်ယူနိုက်တက်ကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာရန်ကုန်အသင်းကအား/ကာသိပ္ပံအသင်းကို ၆-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဘာဖို ၂ ဂိုး၊ ရန်နိုင်ဦး၊ ကြည်လင်း၊ အီစိုး နှင့် စိုးမင်းနိုင် တို့ သွင်းယူပေးခဲ့ပြီး အား/ကာသိပ္ပံအသင်းအတွက် ဘန်ဂျမင်က သွင်းယူပေးခဲ့သည်။

ယနေ့ပွဲစဉ်တွင်ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ရန်အောင်ကျော် ပွဲထွက်ယှဉ်ပြိုင်လာခဲ့ပြီးဂိုးသမားနေရာတွင် ဆန်းဆက်နိုင် ပါဝင်ခဲ့သည်။ ရန်ကုန်အသင်း က တစ်ဖက်အသင်းဂိုးပေါက်ကိုခြိမ်းခြောက်ကစားနိုင်ခဲ့ပြီးပွဲချိန် ၁၂ မိနစ်တွင် အဘူဘာကာကိုဖြတ်ထုတ်ပုံကြမ်းတမ်းသည့်အတွက် ရန်ကုန်အသင်းပင်နယ်တီရရှိခဲ့ပြီးရန်နိုင်ဦး က သွင်းယူပေးခဲ့သည်။ ဒုတိယဦးဆောင်ဂိုးကိုမောင်မောင်လွင် ဘယ်ခြမ်းကကန်တင်ပေးမှုကိုအီစိုးအနီးကပ် ပိတ်သွင်းယူနိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းကပွဲချိန် ၃၁ မိနစ်တွင် ချေပဂိုးပြန်လည် ရရှိခဲ့ပြီးဘန်ဂျမင် က သွင်းယူပေးခဲ့သည်။ သို့သော် ရန်ကုန်အသင်းဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ပြီးပွဲချိန် ၄၂ မိနစ်တွင် ရန်ကုန်အသင်းရရှိသည့် ပြစ်ဒဏ်ဘောမှတဆင့် ကြည်လင်း က တိုက်ရိုက်ကန်သွင်းနိုင်ခဲ့သည်။ စတုတ္ထဦးဆောင်ဂိုးကိုမောင်မောင်လွင် ဘယ်ခြမ်းကအနီးကပ်ပေးပို့မှုကိုဘာဖိုအပိုင်ကန်သွင်းနိုင်ခဲ့ပြီးပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၄-၁ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင်လည်းရန်ကုန်အသင်းဖိအားပေးကစားနိုင်ခဲ့ပြီးပဉ္စမြောက် ဦးဆောင်ဂိုးကိုပွဲချိန် ၅၈ မိနစ်တွင် ကြည်လင်းထောင့်ကန်ဘောကန်တင်ရာမှ ပြန်ကျလာသည့်ဘောလုံးကိုဘာဖိုအနီးကပ်သွင်းယူနိုင်ခဲ့သည်။ ၆၃ မိနစ်တွင် ဘာဖိုအစားစိုးမင်းနိုင် ဝင်ရောက်ကစားခဲ့သည်။ ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ပြီး မောင်မောင်လွင် နှင့် ရန်အောင်ကျော် တို့၏ အပြင်းကန်သွင်းမှုများကို တစ်ဖက်ဂိုးသမား ကာကွယ်ပုတ်ထုတ်နိုင်ခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် ရန်အောင်ကျော် နှင့် ကြည်လင်း အစား မောင်မောင်ဝင်း နှင့် ငြိမ်းချမ်းအောင် တို့ဝင်ရောက်ကစားခဲ့သည်။ ရန်ကုန်အသင်းအတွက် ဆဌမမြောက်ဦးဆောင်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် စိုးမင်းနိုင် က တစ်ဖက်နောက်တန်းကိုဖြတ်ကျော်ပြီးဂိုးသမားညာထောင့်ထဲသို့ သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို ၆-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်း က “ဒီနေ့က ၂၀၂၀ ရာသီနောက်ဆုံးပွဲစဉ်မှာ အနိုင်ရလဒ်ရရှိခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ကစားသမားတွေအားလုံးလည်း အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ ဒီပုံစံ ဒီအနေအထားကို ဆက်ထိန်းပြီး လာမယ့်ရာသီမှာ အကောင်းဆုံးအကောင်အထည်ဖော်ပြီး ကြိုးစားသွားပါမယ်။ ပရိသတ်တွေကလည်း လာမယ့်ရာသီမှာ ဆက်လက်အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀ ဘောလုံးရာသီပြီးဆုံးချိန်တွင် ၁၈ ပွဲကစား၊ ၁၁ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၇ မှတ်ရရှိထားပြီးအဆင့် ၄ နေရာတွင် ရပ်တည်ခဲ့သည်။