ရန်ကုန်ယူနိုက်တက် အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို ၁-၃ ဂိုးဖြင့် အရေးနိမ့်

ရန်ကုန်ယူနိုက်တက် အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို ၁-၃ ဂိုးဖြင့် အရေးနိမ့်

ယနေ့ညနေ က ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ဟံသာဝတီ အသင်းကို ၁-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အီမာနျုရယ် က ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပြီး ဟံသာဝတီ အသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို ဟိန်းထက်အောင်၊ ဒေါ်နယ်ဘစ်ဆာ နှင့် အီမီကာ တို့က သွင်းယူပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ရမှတ်ပြည့်ရရှိ​ရန် နှစ်သင်းစလုံး အားပြိုင်ကစားခဲ့ကြသည့်အတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။

ပထမပိုင်းစပြီး ပွဲချိန် ၇ မိနစ်တွင် အီမာနျုရယ် ဘယ်ခြမ်းမှ ဂိုးရှေ့ချိုးပေးရာ ကောင်းထက်စိုး ပိတ်သွင်းရန်ကြိုးစားခဲ့သော်လည်း လွဲချော်ခဲ့သည်။ ရန်ကုန်အသင်း ဂိုးကန်သွင်းခွင့် အကြိမ်ကြိမ်ရရှိခဲ့ပြီး တစ်ဖက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၃၉ မိနစ်တွင် မောင်မောင်လွင် ကွင်းလယ်ကြောကို တောက်လျှောက်ဖြတ်ကျော်ပြီး ဘာဖို ကို မတင်ပေးရာ ဘာဖို ကန်သွင်းရန်ကြိုးစားသော်လည်း တိုင်ထိပြီး ပြန်ထွက်ခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို မောင်မောင်လွင် ၏ ပေးပို့မှုမှတဆင့် အီမာနျုရယ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်ဖက်အသင်း လူစားမှုများပြုလုပ်ခဲ့ပြီး ဟံသာဝတီအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၀ မိနစ်တွင် ဟိန်းထက်အောင် က သွင်းယူပေးခဲ့သည်။ ၇ မိနစ်အကြာတွင် ဟံသာဝတီအသင်းက ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ဒေါ်နယ်ဘစ်ဆာ က သွင်းယူပေးခဲ့သည်။ ဘာဖိုအစား ဝင်ရောက်လာသည့် တိုက်စစ်မှုး သန်းပိုင် က ပွဲချိန် ၆၅ မိနစ်တွင် ကွင်းလယ်မှ တောက်လျှောက်ဆွဲလာကာ ချေပဂိုး ရရှိရန်ကြိုးစားခဲ့သော်လည်း တစ်ဖက်ဂိုးသမားကာကွယ်နိုင်ခဲ့သည်။ ဟံသာဝတီ အသင်းအတွက် တတိယမြောက်ဂိုးကို အီမီကာ ပွဲချိန် ၈၀ မိနစ်တွင် သွင်းယူပေးနိုင်ခဲ့သည်။ မောင်မောင်ဝင်းအစား ဝင်ရောက်လာသည့် ကြည်လင်း က မိနစ် ၉၀ အပြီး အချိန်ပို ၅ မိနစ်တွင် ဂိုးသမားနှင့်အတွေ့ ဘယ်ခြမ်းသို့ ချိုးပြီး ချေပဂိုးရရှိရန်ကြိုးစားခဲ့ရာ အားပျော့ပြီး နောက်တန်းဖြတ်ထုတ်ထားနိုင်ခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို ၁-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်း က “ကျွန်တော်တို့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အခွင့်အရေးတွေရခဲ့ပါတယ်။ အဆုံးသတ်တွေကောင်းခဲ့ရင် ကျွန်တော်ဂိုးတွေပြန်ရပြီး ရလဒ်ပြောင်းခဲ့မှာပါ။ ဟံသာဝတီအသင်းကလည်း ဒီနေ့မှာ ကစားတာကောင်းခဲ့ပါတယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၁၇ မှတ်ရရှိထားပြီး လာမည့် ဩဂုတ်လ ၃၀ ရက်နေ့၊ ရန်ကုန်ယူနိုက်တက်ကွင်းတွင် ရတနာပုံအသင်း နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။