ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၁ အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့သည်။
ယနေ့ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းသည် အကောင်းဆုံးပုံစံဖြင့် တစ်ဖက်ရှမ်းယူနိုက်တက်အသင်းကို ယှဉ်ပြိုင်ကစားရန် ပြင်ဆင်လာခဲ့သည်။ ပွဲချိန် ၂၁ မိနစ်တွင် ဒေးဗစ်ထန်း၏ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဂျူနီယာအပိုင် ခေါင်းတိုက်ခွင့်ရရှိခဲ့သော်လည်း ရှမ်းယူနိုက်တက်ဂိုးသမား ကာကွယ်နိုင် ခဲ့သည်။ ပွဲချိန် ၃၆ မိနစ်တွင်အခွင့်အရေးထပ်မံရရှိခဲ့ပြီး ရန်နိုင်ဦးကန် အလွတ်တည်ကန်ရာမှ နောက်တန်းနှင့် ထိပြီး ထွက်လာသည့် ဘောလုံးကို ဒေးဗစ်ထန်း ကန်ရာမှတဆင့် ကျော်မင်းဦးထပ်မံပိတ်သွင်း ခဲ့သော်လည်း ရှမ်းယူနိုက်တက်ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ထို့အပြင် ပထမပိုင်း ပြီးဆုံးခါနီးအချိန် ဇာနည်ထက်၏ ဖြတ်တင်ပေးပို့မှုကို ဝင်းနိုင်ထွန်း ပိတ်သွင်းယူရာမှာ ဂိုးပေါက်နဲ့ အနည်းငယ်ကပ်လွဲချော်ခဲ့ပြီး ပထမပိုင်းပွဲကစားချိန်အပြီးတွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း နှစ်ဖက်အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာ ဒေးဗစ်ထန်းနဲ့ ရန်နိုင်ဦး အပြန်အလှန်တွဲလုံးကနေတဆင့် ဒေးဗစ်ထန်း ဂိုးကန်သွင်းရန် ကြိုးစားခဲ့သော်လည်း ရှမ်းယူနိုက်တက်နောက်တန်း ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ကျော်မင်းဦးနှင့် ဇာနည်ထက်အစား စအောင်ပြည့်ကိုနှင့် ရန်ကျော်စိုးကို ထည့်သွင်းအသုံးပြုခဲ့ပြီး ပွဲချိန် ၈၂ မိနစ်တွင် ဂျူနီယာအစား ထက်ဖြိုးဝေကို ထည့်သွင်းအသုံးပြုခဲ့သော်လည်း ပွဲပြီးဆုံးချိန်ထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့် ဂိုးမရှိသရေ ရလဒ်ထွက်‌ပေါ်ခဲ့သည်။
ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “ကျွန်တော့်ကစားသမားတွေ အားလုံးကောင်းကြပါတယ်၊ စည်းစည်းလုံးလုံးနဲ့ တက်တက်ကြွကြွ ကစားခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၁ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ပွဲရှုံး၊ ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး အောက်တိုဘာ ၂ ရက်နေ့တွင် ရခိုင်ယူနိုက်တက်အသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။