ရန်ကုန်ယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် ဟံသာဝတီယူနိုက်တက်အသင်းကိုအနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် ဟံသာဝတီယူနိုက်တက်အသင်းကိုအနိုင်ရရှိ

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၈ အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ဟံသာဝတီအသင်းက မျိုးဇော်ဦး ၏ သွင်းဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း ရန်ကုန်အသင်းမှ ထက်ဖြိုးဝေ နှင့် ဇော်ဝင်းသိန်းတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင် မင်းကျော်ခန့်နှင့် ဒဏ်ရာမှ ပြန်လည်သက်သာလာတဲ့ ဒေးဗစ်ထန် တို့ ပြန်လည် ပါဝင်လာခဲ့သည်။ ပွဲစသည်နှင့် ရန်ကုန်ယူနိုက်တက် အသင်းတိုက်စစ်မြှင့်ကစားခဲ့ပြီး ပွဲချိန် ၄ မိနစ်တွင် ထက်ဖြိုးဝေ ခင်းပေးတဲ့ ဘောလုံးကို ကျော်မင်းဦးအပိုင်ကန်ခွင့် ရရှိခဲ့သော်လည်းဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက်ကွင်းလယ်လူ ကျော်မင်းဦးကို ဟံသာဝတီယူနိုက်တက် နောက်တန်းကစားသမား ရှင်းသန့်အောင် ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ပွဲချိန် ၉ မိနစ်တွင် ဟံသာဝတီ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး မျိုးဇော်ဦးက ခေါင်းတိုက်သွင်းယူခဲ့သည်။ ပွဲချိန် ၃၂ မိနစ်မှာ ရန်ကုန်ယူနိုက်တက်ကွင်းလယ်လူ ဒေးဗစ်ထန်းချပေးသည့် ဘောလုံးကို ထက်ဖြိုးဝေ ပိတ်သွင်းယူရာမှာ ရန်ကုန်ယူနိုက်တက်အသင်း ချေပဂိုးပြန်လည်းရရှိခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ကွင်းလယ်လူမောင်မောင်ဝင်း နေရာတွင် လမင်းထွေးကို ထည့်သွင်းအသုံးပြုခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းကို တိုက်စစ်ဆင်ရန် ကြိုးပမ်းခဲ့သည်။ ပွဲချိန် ၄၇ မိနစ် နှင့် ၆၄ မိနစ်တို့တွင် ထက်ဖြိုးဝေချပေးတဲ့ ဘောလုံးမှတဆင့် လမင်းထွေး အပိုင်ကန်သွင်းခွင့် အခွင့်ရေးများရရှိခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် ဒေးဗစ်ထန်းရဲ့ ဖန်တီးပေးပို့မှုကတဆင့် ဇော်ဝင်းသိန်းက ပိတ်သွင်းယူပေးနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်းက “အားလုံးကြိုးစားနေပါတယ်၊ ကျွန်တော်တို့မှာ တစ်ခုမဟုတ် တစ်ခု အမြဲတမ်းအခက်အခဲလေးတွေရှိနေတာပါ။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေပြီး လာမည့် ဩဂုတ်လ ၂၄ ရက်နေ့တွင် GFA အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။