ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်

ယနေ့ညနေကမြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၆အဖြစ်ယှဉ်ပြိုင်ကစားခဲ့သည့် အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက်ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲသရေရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့်ပွဲကို ချဉ်းကပ်လာခဲ့ပြီး တဖက်အသင်းကို အကောင်းဆုံးတိုက်စစ်ဆင်ကစားခဲ့သည်။ ပွဲချိန် ၂၀ မိနစ်တွင် ရန်နိုင်ဦး၏ ပေးပို့မှုကနေတဆင့် လမင်းထွေးအပိုင် ကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဂိုးပေါက်နှင့် အနည်းငယ်လွဲချော်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် ဇော်ဝင်းသိန်း ချပေးတဲ့ ဘောလုံးကို ထက်ဖြိုးဝေ ဆွဲယူ ပိတ်သွင်းရာမှာ ဂိုးတိုင်နဲ့ထိပြီး ဂိုးရရှိမယ့် အခွင့်အရေးနှင့် ထပ်မံလွဲချော်ခဲ့သည်။ ထို့အပြင် ပွဲပြီးရန် ၆ မိနစ်အလိုတွင် ဇော်ဝင်းသိန်း အဝေးကနေ အပြင်းကန်သွင်းရန်ကြိုးစားခဲ့သော်လည်း အား/ကာသိပ္ပံအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်းပွဲကစားချိန်တွင် ISPE အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တန်ပြန်ကစားလာခဲ့ပြီး ပွဲချိန် ၇၅ မိနစ်နဲ့ နာကျင်အချိန်ပို ၅ မိနစ်မှာ အပိုင်ကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ဆန်းဆက်နိုင် အကောင်းမွန်ဆုံးကာကွယ်နိုင်ခဲ့သည်။ ပွဲချိန်ဒုတိယပိုင်းအတွင်း ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့်ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ISPE နောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ISPE အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေကျခဲ့ကာ သရေတစ်မှတ်စီ ခွဲယူခဲ့သည်။
ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်းက “ဒီနေ့ပွဲက ပွဲကောင်းတစ်ပွဲပါ၊ ကျွန်တော်တို့ ပထမပိုင်းမှာ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ နည်းနည်းလေးယိုင်သွားပါတယ်၊ သရေတစ်မှတ်ခွဲပေးလိုက်ရတဲ့ အပေါ်မှာတော့ စိတ်ကျေနပ်မှု မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၆)ပွဲ ယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၃)နေရာတွင် ရပ်တည်နေပြီး လာမည့် ဩဂုတ်လ ၆ ရက်နေ့တွင် ရှမ်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံယှဉ်ပြိုင် မည်ဖြစ်သည်။