ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းအား တာဝန်မှရပ်နားပြီး ရန်ကုန်ယူနိုက်တက်အကယ်ဒမီတွင် ပြောင်းလဲခန့်အပ်

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းအား တာဝန်မှရပ်နားပြီး ရန်ကုန်ယူနိုက်တက်အကယ်ဒမီတွင် ပြောင်းလဲခန့်အပ်

ရန်ကုန်ယူနိုက်တက်အသင်းသည် အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းအား ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့မှစတင်၍ နည်းပြချုပ်ရာထူးမှ ရပ်နားလိုက်ပြီး ရန်ကုန်ယူနိုက်တက်အကယ်ဒမီတွင် ပြောင်းလဲခန့်အပ်လိုက်သည်။

ဦးတင်မောင်ထွန်းသည် ရန်ကုန်ယူနိုက်တက်အသင်း စတင်တည်ထောင်သည့် ၂၀၀၉ ခုနှစ်မှစတင်ကာ လက်ထောက်နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး အသင်းနှင့်အတူ အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နည်းပြတစ်ဦးဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ဘောလုံးရာသီတွင် နည်းပြချုပ်အဖြစ်တာဝန်ယူပြီး အသင်းနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရရှိအောင် ညွှန်ကြားပြသပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။

ယခုအခါ မြန်မာ့ဘောလုံးလောကကို ထောက်ပံ့ပေးနိုင်သည့် မျိုးဆက်သစ်လူငယ်များဆက်လက် မွေးထုတ်ပေးသွားနိုင်ရန် ရည်ရွယ်၍ ဦးတင်မောင်ထွန်း အား ရန်ကုန်ယူနိုက်တက်ဘောလုံး အကယ်ဒမီတွင် ပြန်လည်ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်သည်။