ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံ အသင်း ကို ၃ – ၁ ဖြင့်အနိုင်ရ

ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံ အသင်း ကို ၃ – ၁ ဖြင့်အနိုင်ရ

ယနေ့ညနေ ၃း၃၀ နာရီက ရန်ကုန်ယူနိုက်တက်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင်ရန်ကုန် အသင်းက ရတနာပုံအသင်းကို ကောင်းထက်စိုး၊ ဘာဖို နှင့် အဘူဘာကာ တို့၏သွင်းဂိုးများဖြင့်အနိုင်ရရှိခဲ့သည်။ ရတနာပုံ အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို လှိုင်းဘိုဘိုကသွင်းယူပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည်၄-၂-၃-၁ကစားကွက်ဖြင့် ပွဲထွက်လာပြီး ရန်ကုန်အသင်း အချိတ်အဆက်မိမိဖြင့် တစ်ဖက်အသင်းကို ယှဉ်ပြိုင် ကစားနိုင်ခဲ့သည်။ ပွဲချိန်၇မိနစ်တွင် ဇာနည်ထက် ညာခြမ်းမှ အလယ်ကြောကိုပေးပိုခဲ့သည့် ဘောလုံးကို မောင်မောင်လွင် ရယူပြီး ဂိုးသမားဘယ်ထောင့်သို့ ချိုးချပေးခဲ့ရာ ကောင်းထက်စိုး အပိုင်ပိတ် သွင်းယူရန် ကြိုးစားခဲ့သော်လည်း လွဲချော်ခဲ့သည်။ ရန်ကုန်အသင်း ဆက်တိုက် ဂိုးပေါက်ခြိမ်းခြောက် နိုင်ခဲ့ပြီး ပွဲချိန်၁၄ မိနစ်တွင် မောင်မောင်ဝင်း ပေးပို့မှုမှတဆင့်ကောင်းထက်စိုး က တစ်ဖက်ဂိုး သမားကိုဖြတ်ကျော်ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။

ပထမပိုင်း ပွဲချိန်တစ်လျှောက် ရန်ကုန်အသင်းမှ အဘူဘာကာ၊ အောင်ကျော်နိုင်၊ ကောင်းထက်စိုး တို့၏ဂိုးကန်သွင်းချက်များရှိသော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ဦးဆောင်ဂိုးထပ်မံမရရှိဘဲ ၄၅မိနစ် ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံ အသင်းကို ကောင်းထက်စိုး၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းစပြီး ၉မိနစ်အကြာတွင် မင်းကျော်ခန့် က မောင်မောင်လွင် ပေးပို့သည့် ဘောလုံးကိုရယူပြီး ဂိုးအနီးရှိဘာဖိုကိုချပေးရာ ဘာဖို အပိုင်သွင်းယူနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုးရရှိခဲ့သည်။ ရတနာပုံ အသင်းအတွက်တစ်လုံးတည်း သောချေပဂိုးကိုပွဲချိန်၇၆မိနစ်တွင် ရတနာပုံ အသင်း ရရှိသည့် ပြစ်ဒဏ်ဘောမှ တဆင့် လှိုင်းဘိုဘို တိုက်ရိုက် သွင်းယူနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အဆုံးသတ် အနိုင်ဂိုးကို မောင်မောင်လွင် က ရန်ကုန်အသင်း ရရှိသည့် ပြစ်ဒဏ်ဘော ကို ဂိုးရှေ့ကန်တင်ရာမှ နောက်ခံလူ အဘူဘာကာ က ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်း ကို ၁-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်း က “ကျွန်တော်ရဲ့ ပွဲဦးထွက်ပွဲစဉ်မှာ အနိုင်ရရှိတဲ့အတွက် ဝမ်းသာပါတယ်။ ရတနာပုံအသင်းက အသင်းကြီးလည်းဖြစ်တယ်။ ဒါ့အပြင် မြန်မာဒါဘီပွဲလည်းဖြစ်တဲ့အတွက် အနိုင်ရလဒ်အ‌ပေါ် အများကြီး ကျေနပ်ပါတယ်။ နောက်တစ်ခုက ကျွန်တော့်ကစားသမားတွေ ကြိုးစားအားထုတ်မှုကြောင့် နိုင်ပွဲရတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျေနပ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၀ပွဲ ယှဉ်ပြိုင်ကစားပြီးချိန် တွင် ၆ ပွဲနိုင်၊၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ်၂၀ မှတ် ရရှိထားပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။