ရန်ကုန်ယူနိုက်တက်အသင်း Main Sponsor အဖြစ် FNI အာမခံကုမ္ပဏီနှင့် တစ်နှစ်စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း Main Sponsor အဖြစ် FNI အာမခံကုမ္ပဏီနှင့် တစ်နှစ်စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် FNI အာမခံကုမ္ပဏီတို့၏ ၂၀၂၂ ခုနှစ်ဘောလုံးရာသီအတွက် အဓိကကူညီပံ့ပိုးသူ (Main Sponsor) စာချုပ်ချုပ်ဆိုမှုအခမ်းအနားကို ယနေ့နေ့လယ်က ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်ယူနိုက်တက်အသင်းမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးနှင့် အသင်းတာဝန်ရှိသူများ၊ FNI အာမခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Indren Stephen Naidoo နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ FNI အာမခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Indren Stephen Naidoo က ၂၀၂၂ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို ပံ့ပိုးကူညီပေးခွင့်ရလို့ဂုဏ်ယူပါကြောင်းနှင့် အကောင်းဆုံးစွမ်းဆောင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းခဲ့ပြီး အသင်း၏ပွဲစဉ်များ ကိုကြည့်ရှုအားပေးသွားမည်ဖြစ်ကြောင်းနှင့် အသင်သားများကိုယ်တိုင်သာမက မိမိတို့ကူညီပံ့ပိုးသူများ အတွက်ဂုဏ်ယူရစေရန်ကြိုးစားကြစေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က ရန်ကုန်ယူနိုက်တက်အသင်းကို ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်းကိုပြောကြားခဲ့ပြီး ပံ့ပိုးကူညီမှုသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ၂၀၂၂ ရန်ကုန်ယူနိုက်တက်အသင်း ဂျာစီအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။