ရန်ကုန်ယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအအသင်းကို ၃ – ၀ ဂိုးဖြင့် အနိုင်ရ

ရန်ကုန်ယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအအသင်းကို ၃ – ၀ ဂိုးဖြင့် အနိုင်ရ

ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ဆောက်သမ်းအသင်းကို ကြည်လင်း၊ မောင်မောင်လွင် နှင့် အီမာနျုရယ် တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်တွင် ကစားသမား အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဂိုးသမား နေရာတွင် ဆန်းဆက်နိုင် က ပွဲထွက်ကစားခဲ့သည်။ ပွဲချိန် ၁၄ မိနစ်တွင် ရန်နိုင်ဦးနှင့် မောင်မောင်လွင် တို့အပေးအယူလုပ်ပြီးအီမာနျုရယ် ခေါင်းတိုက်ရန် ချပေးသော်လည်း အားများပြီး ဂိုးလွန်ဘောဖြစ်ခဲ့သည်။ ပွဲချိန် ၁၇ မိနစ်တွင် ပင်နယ်တီဧရိယာအတွင်း ဆောက်သမ်းအသင်းက ရန်နိုင်ဦးကို ဖျက်ထုတ်ပုံကြမ်းတမ်းသည့်အတွက် ရန်ကုန်အသင်း ပင်နယ်တီကန်ခွင့် ရရှိခဲ့ပြီး ကြည်လင်း က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သည်။ ကြည်လင်းတောက်လျှောက် ဂိုးကန်သွင်းခွင့်များ ရရှိခဲ့ သော်လည်း တစ်ဖက်အသင်းဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၄၄ မိနစ်တွင် ရရှိခဲ့ပြီး တစ်ဖက်အသင်းက မောင်မောင်လွင် တိုက်စစ်ဆင်လာမှုကို ဖျက်ထုတ်ပုံ ကြမ်းတမ်းသည့် အတွက် ရန်ကုန်အသင်း ပြစ်ဒဏ်ဘောရရှိခဲ့သည်။ ထိုပြစ်ဒဏ်ဘောကို မောင်မောင်လွင် က ဂိုးသမား ညာထောင့်တည့်တည့်သို့ လှလှပပ ကန်သွင်း ယူနိုင်ခဲ့ပြီးပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ဆောက်သမ်းမြန်မာအသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် ဆောက်သမ်းအသင်းက လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး ချေပဂိုး ရရှိရေးအတွက် တိုက်စစ်မြှင့် ကစားခဲ့သော်လည်း ရန်ကုန်နောက်တန်း အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် တတိယဦးဆောင်ဂိုးကို ပွဲချိန် ၆၀ မိနစ်တွင် ကောင်းထက်စိုး လမ်းကြောင်းချပေးမှုမှတဆင့် အီမာနျုရယ် အပြင်းကန်သွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၇၇ မိနစ် ရန်နိုင်ဦး ညာခြမ်းမှ ဂိုးရှေ့မတင်ပေးသည့် ဘောလုံးကို အီမာနျုရယ် နောက်ပြန် ကန်သွင်းယူရန် ကြိုးစားသော်လည်း အားများပြီး ဂိုးလွန်ဘောဖြစ်ခဲ့သည်။ ရန်ကုန်အသင်း အပြောင်းအလဲအချို့လုပ်ခဲ့ပြီး ဇာနည်ထက်အစား သူရိန်စိုး၊ ကြည်လင်း အစား အောင်ကျော်နိုင်၊ အီမာနျုရယ် အစား ဘာဖိုတို့ ဝင်ရောက်ကစားခဲ့သည်။ ပွဲချိန် ၈၆ မိနစ်တွင် ရန်ကုန်အသင်း ဂိုးကန်သွင်းခွင့် ထပ်မံရရှိခဲ့ပြီး ထိုက်ထိုက်အောင် ကန်တင်ပေးမှုကို ဘာဖို တစ်ချက်ထိန်းပြီး ကန်သွင်းရန် ကြိုးစားခဲ့ရာ လွဲချော်ခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း က ဆောက်သမ်း မြန်မာအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်း က “ဒီနေ့မှာ ကစားသမားတွေ ကြိုးစားခဲ့တယ်။ လိုချင်တဲ့ရလဒ်လည်း ရခဲ့ပါတယ်။ ကစားပုံကလည်း ကျေနပ်လောက်တဲ့ အနေထားဖြစ်ပါတယ်။ ပြင်ဆင် စရာလေးတွေလည်း ရှိ‌သေးတဲ့အတွက် ထပ်ပြင်ဆင် သွားပါမယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၃ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။