ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်

ယနေ့ညနေကရန်ကုန်ယူနိုက်တက်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် တစ်ဖက်နှင့် တစ်ဖက်ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

လူငယ်ကစားသမားအများစုဖြင့် ပွဲထွက်လာသည့် ရန်ကုန်ယူနိုက်တက်အသင်းတွင် ကွင်းလယ်ကစားသမား ကြည်လင်း က အသင်းခေါင်းဆောင်အဖြစ်ပွဲထွက်လာခဲ့သည်။ နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့ပြီး ရန်ကုန်အသင်း က ပွဲချိန် ၁၁ မိနစ်တွင် ဇာနည်ထက် ညာခြမ်းကမတင်ပေးသည်ကို ငြိမ်းချမ်းအောင် ကန်သွင်းရန် ကြိုးစားသော်လည်းနောက်တန်း က ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၂၉ မိနစ်တွင် သိန်းသန်းဝင်း ဘယ်ခြမ်းက မတင်ပေးသည်ကို သန်းပိုင် ခေါင်းတိုက်ဖို့ကြိုးစားရာ အနည်းငယ်လွဲချော်ခဲ့ပြီး ဂိုးတိုင်ဘေး ကပ်ထွက်ခဲ့သည်။ ရန်ကုန်အသင်းပြစ်ဒဏ်ဘောကန်ခွင့်များ ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းသဖြင့် ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်းစပြီး ၅၄ မိနစ်တွင် ကြည်လင်း ညာခြမ်း က မတင်ပေးမှုကို ပင်နယ်တီ ဧရိယာအတွင်းရှိ သန်းပိုင် ခေါင်းတိုက်ရန်ကြိုးစားခဲ့ရာ လွဲချော်ခဲ့ပြီး အနီးရှိ ငြိမ်းချမ်းအောင် ထပ်မံခေါင်းတိုက်ရာ ဂိုးလွန်ဘော ဖြစ်ခဲ့သည်။ ပွဲချိန် ၅၆ မိနစ်တွင် ငြိမ်းချမ်းအောင် နှင့် သန်းပိုင် နေရာတွင် ရန်ပိုင်စိုး နှင့် အီမာနျုရယ်တို့ ဝင်ရောက်ကစားခဲ့သည်။ ရန်ကုန်အသင်း ဆက်တိုက်ကန်သွင်းရန်ကြိုးစားသော်လည်း တစ်ဖက်နောက်တန်း ဖျက်ထုတ်ထားနိုင်ခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် ကြည်လင်း အစား ဝင်ရောက်လာသည့် အီစိုး က ညာခြမ်းမှ တဆင့် ဂိုးရှေ့မတင်ပေးရာ အီမာနျုရယ် အပိုင်ကန်သွင်းခဲ့သော်လည်း ဒိုင်က လက်ထိဘောအဖြစ် သတ်မှတ်ခဲ့သဖြင့် ဂိုးရခွင့်နစ်နာခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်း က “ဒီရလဒ်က ကျေနပ်စရာမရှိပါဘူး။ ဒီရလဒ်က ကျွန်တော်အတွက် ရှုံးတာပါပဲ။ ဒီထက်ပိုပြီး အလုပ်လုပ်ရမယ်ဆိုတာ ဒီပွဲကသက်သေပါပဲ။ ဒီအနေအထား အတိုင်းသွားလို့မရတဲ့အတွက် လာမယ့်နှစ်မှာ အပြောင်းအလဲတွေအများကြီးလုပ်သွားပါမယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၆ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၁ မှတ် ရရှိထားပြီး အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။ လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့၊ ပဒုမ္မာကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။