ရတနာပုံအသင်းနှင့်ပွဲတွင်အကောင်းဆုံးပုံစံဖြင့်ယှဉ်ပြိုင်သွားမည်ဟု ကျော်မင်းဦးဆို

ရတနာပုံအသင်းနှင့်ပွဲတွင်အကောင်းဆုံးပုံစံဖြင့်ယှဉ်ပြိုင်သွားမည်ဟု ကျော်မင်းဦးဆို

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းကွင်းလယ် ကစားသမား ကျော်မင်းဦးက ရတနာပုံအသင်းကို အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်သွားမည်ဟု ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် နိုဝင်ဘာ ၇ ရက်နေ့၊ ညနေ ၃:၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ရတနာပုံအသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ကျော်မင်းဦး က “ကျွန်တော်တို့အသင်းက ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ရာသီကုန်အထိကို ပွဲတိုင်းကို အနိုင်ရရှိရေးအတွက်ပဲဦးစားပေးပြီး ကစားသွားမှာပါ။ ပြီးခဲ့တဲ့နှစ်ပွဲဆက်အနိုင်ရရှိထားတယ်ဆိုပေမယ့် လာမယ့် ရတနာပုံအသင်းနဲ့ပွဲကိုလည်းလျော့မတွက်ပါဘူး။ သူတို့အသင်းကလည်းအသင်း ကောင်းတစ်သင်းဖြစ်တဲ့အတွက် အကောင်းပုံစံယှဉ်ပြိုင်ပြီးအနိုင်သုံးမှတ် ရရှိအောင်ယှဉ်ပြိုင်သွားပါမယ်။” ဟု ဆိုသည်။
ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ဒေးဗစ်ထန်းနှင့် ထက်ဖြိုးဝေတို့၏ သွင်းဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး ၎င်းက “အားပေးနေတဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ရန်ကုန်အသင်းကိုအားပေးနေတဲ့ ပရိသတ်တွေအားလုံးလည်း လက်ကျန်ပွဲတွေမှာရောနောက်နှစ်တွေမှာလည်း ဆက်လက်ပြီးအားပေးသွားကြဖို့ပြောချင်ပါတယ်။”ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၆ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၅ မှတ်ဖြင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး ရတနာပုံအသင်းသည် ၁၆ ပွဲကစား၊ ၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံး၊ ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၆ နေရာတွင်ရပ်တည်နေသည်။