ရတနာပုံအသင်းကို ၂-၄ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

ရတနာပုံအသင်းကို ၂-၄ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ရတနာပုံအသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ဂျုနီယာ ၂ ဂိုး၊ ဒေးဗစ်ထန်း၊ စအောင်ပြည့်ကို တို့ က သွင်းယူပေးခဲ့သည်။
ရန်ကုန်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့်ပွဲထွက်လာခဲ့ပြီး ပွဲချိန်တစ်လျှောက်တစ်ဖက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ရန်ကုန်အသင်းဦးဆောင်ဂိုးကို ဂျုနီယာက ပွဲချိန် ၁၇ မိနစ်တွင် ဝင်းနိုင်ထွန်း ၏ ပေးပို့မှုမှတဆင့် သွင်းယူပေးခဲ့သည်။
ရန်ကုန်အသင်းက တစ်ဖက်အသင်းဂိုးပေါက်ခြိမ်းခြောက်မှုများပြုလုပ်နိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၄၃ မိနစ်တွင် ဂျုနီယာက ထပ်မံသွင်းယူပေးနိုင်ခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်အသင်းက ၂-၀ ဂိုးဖြင့် ရတနာပုံအသင်းကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ရန်ကုန်အသင်းအကောင်းဆုံးပုံစံကိုဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ပွဲချိန် ၅၃ မိနစ်တွင် ဝင်းနိုင်ထွန်း ဂိုးရှေ့အနီးကပ်ပေးပို့မှုကို ဒေးဗစ်ထန်း အပိုင်ခေါင်းတိုက်သွင်းယူခဲ့ပြီး တတိယဦးဆောင်ဂိုး ရရှိခဲ့သည်။ ပွဲချိန် ၇၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း စတုတ္ထဦးဆောင်ဂိုး ရရှိခဲ့ပြီး ထက်ဖြိုးဝေရဲ့ ပေးပို့မှုကနေ လူစားဝင်ကစားသမား စအောင်ပြည့်ကို က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၄ မိနစ်မှာတော့ ရတနာပုံအသင်း ပင်နယ်တီမှတဆင့် ရဲရင့်အောင် က ချေပဂိုး ပြန်လည်ရယူခဲ့သည်။ ထို့နောက် ၂ မိနစ်အကြာ ပွဲချိန် ၈၆ မိနစ်မှာပင် ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းမှ ဘောလုံး ရှင်းထုတ်ပုံ မသေသပ်ရာမှတဆင့် ရတနာပုံအသင်း ချေပဂိုးထပ်မံရရှိခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၄ – ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သလို လာမည့်နှစ် AFC Cup ပြိုင်ပွဲကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “ကျွန်တော့်ကစားသမားတွေ ထရိန်နင်ကွင်းမှာလည်း ကြိုးစားသလို ပြိုင်ပွဲအတွင်းမှာလည်း ကြိုးစားကြပါတယ်၊ နိုင်ပွဲရယူနိုင်တဲ့အတွက်လည်း ဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၇ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး လာမည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ဧရာဝတီယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။