ရခိုင်အသင်းကိုအနိုင်ယူပြီးအသင်းသမိုင်းတလျှောက် ဂိုးအပြတ်ဆုံးနိုင်ပွဲရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရခိုင်အသင်းကိုအနိုင်ယူပြီးအသင်းသမိုင်းတလျှောက် ဂိုးအပြတ်ဆုံးနိုင်ပွဲရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၄ အဖြစ် ရခိုင်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ရခိုင်အသင်းကို ၁၀-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးပွဲအဖြစ်မှတ်တမ်းတင်နိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ဝင်းနိုင်ထွန်း ၅ ဂိုး၊ ဂျုနီယာ ၃ ဂိုး၊ ရန်နိုင်ဦး နှင့် ဟိန်းဇေယျာလင်း တို့က ၁ ဂိုးစီ အသီးသီးသွင်းယူပေးခဲ့ကြသည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ရခိုင်ယူနိုက်တက် အသင်းကို ယှဉ်ပြိုင်ကစား ခဲ့သည်။ ပွဲစသည်နှင့် ရန်ကုန်အသင်းတိုက်စစ်ဆင်မှု များပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၁၈ မိနစ်တွင် ကွင်းလယ်မှ ရန်နိုင်ဦးရဲ့ ပေးပို့မှုကို ဝင်းနိုင်ထွန်းက ပိတ်သွင်းယူခဲ့ကာ ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ ပွဲချိန် ၂၈ မိနစ်မှာ အသင်းခေါင်းဆောင် ရန်နိုင်ဦး က လှပသည့် အဝေးကန်ချက်ဖြင့် ရန်ကုန် ယူနိုက်တက်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲချိန် ၃၀ မိနစ်တွင် ဝင်းနိုင်ထွန်း၊ ပွဲချိန် ၄၃ မိနစ်နှင့် ၄၅ မိနစ်တွင် ဂျူနီယာ တို့က အသီးသီးသွင်းယူကာ ပထမပိုင်းပွဲကစားချိန်အပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၅-၀ ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သည်။
ပွဲကစားချိန် ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း ကစားအားကျမသွားဘဲ ပုံစံကောင်းတစ်ခုကို ပုံဖော်နိုင်ခဲ့သည်။ ပွဲချိန် ၅၃ မိနစ်မှာ ဒေးဗစ်ထန် ညာခြမ်းကချပေးသည့်ဘောလုံးကို ဝင်းနိုင်ထွန်းက အနီးကပ်ပိတ်သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်း ဆဌမမြောက်ဂိုး ရရှိခဲ့သည်။ ထို့နောက် ပွဲချိန် ၅၅ မိနစ်တွင် ဂျူနီယာ၊ ၇၂ မိနစ်တွင် ဟိန်းဇေယျာလင်း တို့ကအသင်းအတွက် သတ္တမမြောက်နဲ့ အဌမမြောက် ဂိုးတွေကို ထပ်မံသွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန် ၈၈ မိနစ်နဲ့ ပွဲချိန် မိနစ် ၉၀ တွင် ဝင်းနိုင်ထွန်းက ရန်ကုန်ယူနိုက်တက် အသင်းအတွက် နှစ်ဂိုး ထပ်မံသွင်းယူပေးခဲ့ပြီး ယခုပွဲစဉ်တွင် ဝင်းနိုင်ထွန်းအနေဖြင့် ဟက်ထရစ် ရရှိခဲ့သလို တစ်ဦးတည်း ငါးဂိုးသွင်းယူနိုင်ခဲ့သူတစ်ဦးဖြစ်ခဲ့သည်။ ထို့အပြင် ဘရာဇီးတိုက်စစ်မှုး ဂျူနီယာသည်လည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ၎င်း၏ ပထမဆုံး ဟက်ထရစ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်မှာ ရခိုင် ယူနိုက်တက်အသင်းအနေနဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတချို့ ပြုလုပ် နိုင်ခဲ့သော်လည်း ရန်ကုန်ယူနိုက်တက် အသင်းနောက်တန်းနဲ့ ဂိုးသမား အကောင်းဆုံးကာကွယ်နိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန် ယူနိုက်တက် အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၁၀-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲပြီးဆုံးချိန်မှာ ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “ကစားသမားတွေ အားလုံး ကြိုးစားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့ကြိုးစားလို့ ယခုလိုရလဒ်မျိုး ရရှိခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ပွဲရှုံး၊ ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမည့် အောက်တိုဘာလ ၁၂ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် မြဝတီအသင်း နှင့် ဆက်လက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။