ယာယီနည်းပြချုပ် ဦးကျော်ဒွန်းအား ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ်ခန့်အပ်

ယာယီနည်းပြချုပ် ဦးကျော်ဒွန်းအား ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ်ခန့်အပ်

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိယာယီနည်းပြချုပ် ဦးကျော်ဒွန်းအား လာမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များနှင့် AFC Cup ပြိုင်ပွဲများ ကိုင်တွယ်ရန်အတွက် နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။
ဦးကျော်ဒွန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၊ ဒုတိယရာသီဝက်မှစတင်ကာအသင်းအား ကိုင်တွယ်ခဲ့ပြီး ရာသီပိတ်သိမ်းချိန်တွင် အဆင့် ၂ နေရာနှင့် AFC Cup 2023 ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည့် နည်းပြဖြစ်သည်။
ရန်ကုန်အသင်းနှင့်အတူ ကစားသမားဘဝမှစတင်ကာ လူငယ်အသင်းတွင်လက်ထောက်နည်းပြ၊ နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ရာသီဝက်တွင် ယာယီနည်းပြချုပ်အဖြစ်အသင်းအား တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုလို ခန့်အပ်ခံရသည့်အတွက် ဦးကျော်ဒွန်းက “ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ရန်ကုန်အသင်း ဆိုတာကလည်း ကျွန်တော်အတွက် ဒုတိယမိသားစုပါပဲ။ အသင်းမှာလည်း ၁၅ နှစ်လောက်နေလာတော့ သံယောဇဉ်လည်းရှိတယ်၊ တာဝန်ပေးတဲ့အတွက် အစွမ်းကုန်ကြိုးစားပါမယ်။ အသင်းနဲ့အတူ ရလဒ်ကောင်းတွေရရှိအောင် အကောင်းဆုံးပြင်ဆင်ပြီး ကိုင်တွယ်သွားပါမယ်” ဟု ဝမ်းသာစကားဆိုခဲ့သည်။