မြဝတီအသင်းကို ၃-၁ ဂိုးဖြင့်အနိုင်ယူပြီး ဒုတိယမြောက် နိုင်ပွဲထပ်မံရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

မြဝတီအသင်းကို ၃-၁ ဂိုးဖြင့်အနိုင်ယူပြီး ဒုတိယမြောက် နိုင်ပွဲထပ်မံရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၂ အဖြစ် Yangon United Sports Complex တွင် မြဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကို ဝင်းနိုင်ထွန်း မှ ၂ ဂိုး၊ ဥက္ကာနိုင်မှ ၁ ဂိုး ရယူပေးခဲ့ခြင်းဖြစ်သည်။ မြဝတီအသင်းအတွက် အောင်သူက ပင်နယ်တီမှတဆင့်သွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၂၄ မိနစ်တွင် ဇော်ဝင်းသိန်း ဖြတ်တင်ပေးပို့သည့် ဘောလုံးကို ဝင်းနိုင်ထွန်းက တစ်ချက်ထိန်းကာ သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၃၅ မိနစ်တွင် ကောင်းထက်စိုး အပိုင်အခွင့်အရေး ရရှိခဲ့သော်လည်း မြဝတီအသင်း ဂိုးသမား ထွန်နန္ဒာဦး ကာကွယ်နိုင်ခဲ့သည်။ ပထမပိုင်း ၄၅ မိနစ်အပြီး နာကျင်အချိန်ပိုတွင် မြဝတီအသင်း အလွတ်တည်ကန်ဘောမှတဆင့် ဂိုးပေါက်ခြိမ်းခြောက် ခဲ့သော်လည်း ဆန်းဆက်နိုင် အကောင်းဆုံးကာကွယ် နိုင်ခဲ့သောကြောင့် ပွဲချိန်ပထမပိုင်းအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးများ ထပ်မံရရှိရန် ကြိုးစားလာ ခဲ့ပြီး ပွဲချိန် ၆၀ မိနစ်တွင် လှိုင်ဘိုဘို ကန်တင်ပေးသည့် အလွတ်တည်ကန်ဘောမှ တဆင့် ဝင်းနိုင်ထွန်းက ‌ခေါင်းတိုက်ကာ ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၇၇ မိနစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းတတိယဂိုး ရရှိခဲ့ပြီး ဥက္ကာနိုင်၏ အဝေးကန်ချက်ကို မြဝတီအသင်း ဂိုးသမား ကာကွယ်ပုံ မသေသပ်ရာ မှတဆင့် ဂိုးဝင်ခဲ့ပြီး တတိယဦးဆောင်ဂိုးရရှိခဲ့သည်။ ပွဲချိန် ၇၈ မိနစ်တွင် ရန်ကုန် ယူနိုက်တက်အသင်း နောက်ခံလူ မင်းကျော်ခန့် တဖက် အသင်းကစားသမားကို ဖြတ်ထုတ်ပုံအနည်းငယ်ကြမ်းတမ်းခဲ့သောကြောင့် ပင်နယ်တီပြစ်ဒဏ်ဘော ခွင့်ပြုပေးခဲ့ရပြီး မြဝတီ အသင်းကစားသမား အောင်သူက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းမှ ဆယ်လာ၊ ဒေးဗစ်ထန်းတို့ အပိုင်အခွင့်အရေးများ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန် ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၃-၁ ဂိုး အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “ရလဒ်အတွက် ကျေနပ်ပါတယ်၊ အမှားတစ်ချို့ ရှိခဲ့ပေမယ့် နိုင်ပွဲအတွက်တော့ အားရကျေနပ်မိပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ယှဉ်ပြိုင်ကစားခဲ့ သည့်မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၂ ပြိုင်ပွဲများအပြီးတွင် နိုင်ပွဲ ၂ ပွဲ၊ ရမှတ် ၆ မှတ်ဖြင့် ရဂိုး အသာရရှိထားကာ အမှတ်ပေးဇယားအဆင့် ၁ နေရာတွင် ရပ်တည်နေပြီး လာမည့် မတ်လ ၆ရက်နေ့တွင် ကချင်ယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။