မြဝတီအသင်းကိုလျော့မတွက်ဘဲအကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ရန်နိုင်ဦး ဆို

မြဝတီအသင်းကိုလျော့မတွက်ဘဲအကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ရန်နိုင်ဦး ဆို

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားရန်နိုင်ဦး က ပထမဦးဆုံးယှဉ်ပြိုင်ကစားမည့် မြဝတီနှင့်ပွဲတွင်တစ်ဖက်အသင်းကို လျော့မတွက်ဘဲအကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟု ပွဲမတိုင်မီပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် မြဝတီအသင်းနှင့် ဇွန်လ ၂၅ ရက်နေ့၊ ညနေ ၃:၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး MRTV နှင့် MNL Youtube Channel တို့မှတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။
“မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရပ်နားထားတာကြာပြီဖြစ်တဲ့အပြင် မြဝတီနဲ့ပွဲကမြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြန်လည်စတင်တာရဲ့ ပထမဆုံးပွဲလည်းဖြစ်ပါတယ်။ ကျွန်တော်အသင်းကခြေစမ်းပွဲတွေ လည်းကစားထားတယ်။ လာမယ့်ပွဲကကျွန်တော်တို့စောင့်နေကြတဲ့ ပြိုင်ပွဲကြီးတစ်ပွဲဖြစ်တဲ့အတွက် နည်းပြရဲ့လမ်းညွှန်မှုအတိုင်း အကောင်းဆုံး ကစားသွားပါမယ်။” ဟု ပွဲကြိုပြင်ဆင်ထားမှုနှင့်ပတ်သက်၍ ရန်နိုင်ဦး ကပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ ဘောလုံးရာသီ ပွဲကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲ ၄ ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ် ရရှိထားခဲ့သည်။
တစ်ဖက်ပြိုင်ဘက်အသင်းနှင့်ပတ်သက်၍ ၎င်းက “ မြဝတီအသင်းကလည်း ရှမ်းအသင်းနဲ့ခြေစမ်းပွဲကစားတုန်းက သူတို့နိုင်ခဲ့တယ်။ သူတို့အသင်းကိုလည်း လျော့တွက်လို့မရပါဘူး။ သူတို့လည်းသူတို့အလုပ်အကောင်းဆုံး လုပ်သွားမှာဖြစ်သလို ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ။” ဟု တစ်ဖက်ပြိုင်ဘက်အသင်း နှင့်ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။
ရန်နိုင်ဦး က “မြန်မာနေရှင်နယ်လိဂ်ပွဲတွေခုမှပြန်စတာဆိုတော့ ဘောလုံးပွဲမကြည့်ရတာကြာပြီဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်း ပရိသတ်တွေပြန်လည်အားပေးလို့ရပါပြီ။ ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစား သွားပါမယ်လို့ပြောချင်ပါတယ်”, ဟု ဆိုခဲ့သည်။