မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတိုက်စစ်မှုး ဝင်းနိုင်ထွန်းကို သုံးနှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းချုပ်ဆို

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတိုက်စစ်မှုး ဝင်းနိုင်ထွန်းကို သုံးနှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၁ ဘောလုံးရာသီကြိုပြင်ဆင်မှုအဖြစ် မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း တိုက်စစ်မှုး ဝင်းနိုင်ထွန်း ကို သုံးနှစ်စာချုပ်ဖြင့် ချုပ်ဆိုလိုက်ပြီဖြစ်သည်။

အသက် 20 အရွယ်ရှိ တိုက်စစ်မှုး ဝင်းနိုင်ထွန်း သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်း ဇာတိဖြစ်ပြီး မန္တလေးအကယ်ဒမီကျောင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိလေ့ကျင့်သင်ကြားခဲ့သည်။ ၂၀၁၅ ခုနှစ်မှစတင်ကာ သက်တမ်းအလိုက်မြန်မာ့လက်ရွေးစင်အသင်းများတွင် ပါဝင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် AFF U-16 ပြိုင်ပွဲတွင် ဒုတိယ၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် AFF U-19 2018 ပြိုင်ပွဲတွင်ဒုတိယနှင့် ဂိုးသွင်းအများဆုံးဆုရရှိခဲ့သည်။ ထို့အပြင် U-21 အသင်းနှင့် ဘရူနိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် တတိယ၊ Thanh Nien Newspapaer International U-21 ပြိုင်ပွဲတွင် ဒုတိယနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ယူ-၂၂ အသင်းနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games 2019) တွင် ကြေးတံဆိပ်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းတွင်လည်း ထပ်မံရွေးချယ်ခံခဲ့ရသည်။

ဝင်းနိုင်ထွန်းသည် ပြည်တွင်းကလပ်အသင်းများဖြစ်သည့် ရတနာပုံအသင်းတွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိကစားခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းသို့ ပြောင်းရွေ့ခဲ့သူတစ်ဦးဖြစ်သည်။
ယခုလိုပြောင်းရွေ့မှုနှင့် ပတ်သက်၍ ၄င်းက “မြန်မာနေရှင်နယ်လိဂ်ရဲ့ အသင်းကောင်းတစ်သင်းကိုရောက်ရှိလာတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အသင်းအတွက် ပွဲစဉ်တိုင်းကို အကောင်းဆုံးစွမ်းဆောင်ပေးပြီး အနိုင်ရရှိအောင်ကြိုးစားသွားပါမယ်။ ပရိသတ်တွေလည်း ကျွန်တော်တို့ပွဲတိုင်းကို အားပေးကြဖို့ပြောချင်ပါတယ်။ ကျွန်တော်တို့လည်း အသင်းကို အားပေးနေတဲ့ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားပေးသွားပါမယ်။” ဟု ပြောကြားခဲ့သည်။