မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းကစားသမား ဥက္ကာနိုင် ကို ၂၀၂၄ ခုနှစ်အထိ ရန်ကုန်ယူနိုက်တက်အသင်း စာချုပ်ချုပ်ဆို

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းကစားသမား ဥက္ကာနိုင် ကို ၂၀၂၄ ခုနှစ်အထိ ရန်ကုန်ယူနိုက်တက်အသင်း စာချုပ်ချုပ်ဆို

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာယူ-၂၀ အသင်း ဘယ်တောင်ပံကစားသမား ဥက္ကာနိုင် ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။
အရပ် ၅ ပေ ၇ လက်မရှိသည့် လူငယ်ကစားသမား ဥက္ကာနိုင် သည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့ဇာတိဖြစ်ပြီး နေပြည်တော်အကယ်ဒမီနှင့် ဇွဲကပင်ယူနိုက်တက်အသင်းအကယ်ဒမီတို့တွင် ‌ဘောလုံးပညာကို သင်ယူခဲ့သည်။ ၂၀၁၈ ဘောလုံးရာသီတွင် မကွေးယူ-၁၉ အသင်းနှင့်အတူ ၂ နှစ်ကြာပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် Junior Lions အသင်းတွင် ရွေးချယ်ခံရပြီး မြန်မာနေရှင်နယ်လိဂ်လူငယ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် မြန်မာယူ-၁၉ အသင်းနှင့်အတူ AFF U-19 Championship, အာရှယူ-၂၀ ခြေစစ်ပွဲ၊ ဗီယက်နမ် ဖိတ်ခေါ်ဖလားပြိုင်ပွဲ စသည့်ပြိုင်ပွဲတို့တွင် ပွဲထွက်ကစားခဲ့သည်။
ဥက္ကာနိုင် က “ငယ်ငယ်လေးကတည်းက ကစားချင်ခဲ့တဲ့အသင်းကို ရောက်ရှိလာခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်၊ ဒီမှာလည်း Junior Lions က အသင်းဖော်တွေလည်း ရှိတဲ့အတွက် တစ်ယောက်အကြောင်းတစ်ယောက် သိနေတော့ အချိတ်အဆက်မိမိကစားနိုင်မှာပါ၊ အသင်းနဲ့အတူ ချန်ပီယံဆုကိုရရှိအောင် ကြိုးစားပြီးတော့ AFC ပွဲတွေအတွက်လည်း အကောင်းဆုံးကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။