မြန်မာ့လက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတိုက်စစ်မှုး ထက်ဖြိုးဝေကို ၂၀၂၂ ရာသီကုန်ထိ စာချုပ်ချုပ်ဆို

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတိုက်စစ်မှုး ထက်ဖြိုးဝေကို ၂၀၂၂ ရာသီကုန်ထိ စာချုပ်ချုပ်ဆို

၂၀၂၂ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ကစားသမားသစ် ထပ်မံခေါ်ယူမှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတိုက်စစ်မှုး ထက်ဖြိုးဝေကို ၂၀၂၂ ရာသီကုန်ထိ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုဇာတိဖြစ်သည့် ထက်ဖြိုးဝေသည် ၂၀၁၀ ခုနှစ်မှစတင်ကာ ၆ နှစ်ကြာ မန္တလေးအကယ်ဒမီ တွင် ဘောလုံးပညာကိုသင်ယူလေ့လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရှမ်းယူနိုက်တက်လူငယ် အသင်းသို့ရောက်ရှိ ခြေစွမ်းပြကစားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ရှမ်းယူနိုက်တက်အကြီးအသင်းကို ရောက်ရှိခဲ့ကာ အသင်းနှင့်အတူ ၂၀၁၉ နှင့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် လူငယ်ကစားသမားတစ်ဦးဖြစ်သည်။
အသက် ၂၂ အရွယ်ရှိ ထက်ဖြိုးဝေသည် ၂၀၁၅ ခုနှစ်၌ မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းတွင် စတင်ရွေးချယ်ခံခဲ့ရပြီး သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင် တောက်လျှောက်ရွေးချယ်ခံခဲ့ရကာ ၂၀၁၈ ခုနှစ်မှစတင်ပြီးလက်ရွေးစင်အသင်းကြီးနှင့်အတူ ပါဝင်ခြေစွမ်းပြ ကစားနေသည့်သူတစ်ဦးဖြစ်သည်။
ထက်ဖြိုးဝေက “အသင်းကိုရောက်လာတဲ့အတွက်ပျော်ပါတယ်။ ဒီလိုအသင်းမှာကစားခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ အသင်းအောင်မြင်မှုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီးတော့ကစားသွားချင်ပါတယ်။” ဟုဝမ်းသာပီတိစကားပြောကြားခဲ့သည်။