မြန်မာ့လက်ရွေးစင်နှင့်အားကစားနှင့်ကာယပညာသိပ္ပံအသင်းမှ ကွင်းလယ်ကစားသမား လွင်မိုးအောင် ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

မြန်မာ့လက်ရွေးစင်နှင့်အားကစားနှင့်ကာယပညာသိပ္ပံအသင်းမှ ကွင်းလယ်ကစားသမား လွင်မိုးအောင် ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် အားကစားနှင့် ကာယပညာသိပ္ပံအသင်းမှ ကွင်းလယ်ကစားသမား လွင်မိုးအောင် ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

မန္တလေးတိုင်း၊ အမရပူရဇာတိဖြစ်သည့် လွင်မိုးအောင် သည် ၂၀၁၂-၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အား/ကာသိပ္ပံတွင် လေ့ကျင့်သင်ယူခဲ့ပြီး ၂၀၁၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင် အား/ကာသိပ္ပံအသင်းနှင့်အတူ စတင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲတွင် အား/ကာသိပ္ပံ ယူ-၂၁ အသင်းနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ချန်ပီယံဆုဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့အပြင် ၂၀၁၈ ခုနှစ်မြန်မာနေရှင်နယ်လိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဟံသာဝတီအသင်းမှ ဟိန်းထက်အောင်နှင့်အတူ ရရှိခဲ့သည်။ ကွင်းလယ်တွင် အကောင်းဆုံး ထိန်းကျောင်းကစားနိုင်သည့် လွင်မိုးအောင် သည် ၂၀၁၈ ခုနှစ်မှစတင်ကာ မြန်မာ့လက်ရွေးစင်အသင်းကြီးတွင် ရွေးချယ်ခံခဲ့ရပြီး အောင်မြင်မှုများအဖြစ် ၂၀၁၇ AFF ယူ-၁၈ တွင် စတုတ္ထ၊ 2018 AFF ယူ-၁၉ တွင် ဒုတိယ အသီးသီးရရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) 2019 တွင် တတိယဆုရရှိခဲ့သည်။

လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် လွင်မိုးအောင် က “ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ရန်ကုန်အသင်းပရိသတ်တွေလည်း ကျွန်တော်ကိုစောင့်ကြည့်ပေးပါ။ အရင်မြင်နေကြလွင်မိုးအောင်ထက် ပိုပြီးကောင်းလာတဲ့လွင်မိုးအောင်တစ်ယောက်အဖြစ်လုပ်ပြသွားပါမယ်။ မနှစ်က ရန်ကုန်အသင်းက ဖလားမရခဲ့တဲ့အတွက် ဒီနှစ်မှာ ဖလားရရှိအောင် ကျွန်တော်လုပ်နိုင်သမျှပေးဆပ်ပြီး ကစားသွားပါမယ်” ဟု ဆိုခဲ့သည်။