မြန်မာ့လက်ရွေးစင်နှင့် အားကစားနှင့်ကာယပညာသိပ္ပံအသင်းနောက်တန်းကစားသမား စိုးမိုးကျော်ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

မြန်မာ့လက်ရွေးစင်နှင့် အားကစားနှင့်ကာယပညာသိပ္ပံအသင်းနောက်တန်းကစားသမား စိုးမိုးကျော်ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

မြန်မာ့လက်ရွေးစင်နှင့် အားကစားနှင့်ကာယပညာသိပ္ပံအသင်းနောက်တန်းကစားသမား စိုးမိုးကျော်ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းက ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၁ အရွယ်ရှိ စိုးမိုးကျော်သည် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) တွင် ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ သင်ယူလေ့ကျင့်ခဲ့သည်။ ထို့နောက် အား/ကာသိပ္ပံ ယူ-၁၈ အသင်းနှင့်အတူ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ပြိုင်ပွဲတွင် ဒုတိယ၊ ၂၀၁၇ တွင် ယူ-၂၁ အသင်းသို့ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ပြိုင်ပွဲတွင် အား/ကာသိပ္ပံ အသင်းနှင့်အတူ ချန်ပီယံဆုဖလား ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဧရာဝတီ ယူနိုက်တက်အသင်းသို့ရောက်ရှိခဲ့ပြီး နှစ်နှစ်ကြာယှဉ်ပြိုင်ကစားခဲ့သည်။ ထို့အပြင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းတွင် ၂၀၁၇ ခုနှစ်မှစတင်ရွေးချယ်ခံခဲ့ရပြီး မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပသည့် AFF U-18 ပြိုင်ပွဲတွင် စတုတ္ထ၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် 2018 AFF U-19 ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်မှစတင်ကာ မြန်မာလက်ရွေးစင်အသင်းတွင် စတင်ရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့်အတူ တတိယ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာသည့် စိုးမိုးကျော် က “မြန်မာနေရှင်နယ်လိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့အရမ်းကို ဝမ်းသာပါတယ်။ ကျွန်တော်စွမ်းဆောင်နိုင်သလောက်ထိ ပေးဆပ်ပြီး အသင်းပုံရိပ်ကိုမြှင့်တက်လာအောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက်လည်း ပျော်ပါတယ်။ အရင်ကဧရာဝတီအသင်းနဲ့ မရခဲ့တဲ့ ဖလားတွေကိုလည်း ရန်ကုန်အသင်းအတူယူချင်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း အရင်ကထက် ပိုပြီးလုပ်ပြသွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ဆိုခဲ့သည်။