မြန်မာယူ-၂၃ နောက်ခံလူ ဟိန်းဇေယျာလင်း အား ၂၀၂၂ ရာသီကုန်ထိစာချုပ်ချုပ်ဆိုခေါ်ယူ

မြန်မာယူ-၂၃ နောက်ခံလူ ဟိန်းဇေယျာလင်း အား ၂၀၂၂ ရာသီကုန်ထိစာချုပ်ချုပ်ဆိုခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ ရာသီအတွက် စတုတ္ထမြောက်ကစားသမားခေါ်ယူမှုအဖြစ် မြန်မာယူ-၂၃ နောက်ခံလူ ဟိန်းဇေယျာလင်း အား ၂၀၂၂ ရာသီကုန်ထိစာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းဇာတိဖြစ်သည့် ဟိန်းဇေယျာလင်းသည် ကစားသမားဘဝကို ၂၀၁၅ ခုနှစ်၊ အသက် ၁၆ နှစ်အရွယ်မှစတင်ကာ မြဝတီလူငယ်အသင်းတွင် သုံးနှစ်ကြာကစားခဲ့သည်။ ထို့နောက် မကွေးလူငယ်အသင်းသို့ ၂၀၁၈ ခုနှစ်တစ်နှစ်ကစားခဲ့ပြီး အကြီးသင်းကို ၂၀၁၉ ခုနှစ်တွင် တက်လှမ်းနိုင်ခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိပြီး ညာသန်တစ်ဦးဖြစ်သည့် ဟိန်းဇေယျာလင်း သည် ၂၀၁၉ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ယူ-၁၉ လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရပြီး ပြီးခဲ့သည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၃ အသင်းတွင်လည်း ခြေစွမ်းပြပါဝင်ကစားခဲ့သူတစ်ဦးဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းကိုရောက်ရှိလာသည့်အတွက် ဝမ်းသာပီတိစကားကို ဟိန်းဇေယျာလင်း က ယခုလိုပြောကြားခဲ့ပါတယ်။ “အသင်းနဲ့အတူအောင်မြင်မှုရယူပြီး မြန်မာနေရှင်နယ်လိဂ်ဖလားကိုလည်း လိုချင်ပါတယ်။ အသင်းကစတင်ကမ်းလှမ်းလာတဲ့အချိန်မှာ တကယ်ကိုပျော်ရွှင်မိပါတယ်။ အသင်းနဲ့အတူ အကောင်းဆုံးပေးဆပ်ကစားသွားပါမယ်” ဟု ဆိုခဲ့သည်။