မဟာယူနိုက်တက်အသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

မဟာယူနိုက်တက်အသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပဉ္စမမြောက်ပွဲစဉ်အဖြစ် မဟာယူနိုက်တက်အသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် လမင်းထွေးက ၄ ဂိုးသွင်းယူပေးခဲ့ပြီး ဇော်ဝင်းသိန်းက ၁ ဂိုးသွင်းယူပေးခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစသည်နဲ့ တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၅ မိနစ်တွင် ဒေးဗစ်ထန် ဒဏ်ရာရရှိခဲ့သောကြောင့် ဇာနည်ထက်နှင့် လူစားလဲခဲ့ရသည်။ ပွဲချိန် ၁၅ မိနစ်တွင် ထက်ဖြိုးဝေ ဂိုးကန်သွင်းခွင့် ရရှိခဲ့သော်လည်း နောက်တန်းနှင့်ထိပြီး မဟာယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၃၃ မိနစ်တွင် ထက်ဖြိုးဝေ ချပေးသည့် ‌ဘောလုံးကို ဇော်ဝင်းသိန်းဆွဲယူပိတ်သွင်းရာမှာ ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ ထို့နောက် ပွဲချိန် ၄၂ မိနစ်တွင် လမင်းထွေးက ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် မဟာယူနိုက်တက်အသင်း ချေပဂိုးရရှိရန် ကြိုးစားလာခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာ အလွတ်တည်ကန်ဘောရရှိခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမားဆန်းဆက်နိုင် ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၆၉ မိနစ်မှာ အသင်းခေါင်းဆောင် ရန်နိုင်ဦးခင်းပေးသည့်ဘောလုံးကို လမင်းထွေး ပိတ်သွင်းယူရာမှာ တတိယဂိုး ရရှိခဲ့သည်။ ပွဲချိန် ၈၉ မိနစ်တွင် ရန်ပိုင်စိုးချပေးတဲ့ ဘောလုံးကို လမင်းထွေး ပိတ်သွင်းယူရာမှာ စတုတ္ထဂိုး ထပ်မံရရှိခဲ့သည်။ ထို့နောက် နာကျင်အချိန်ပို ၄ မိနစ်တွင် မဟာယူနိုက်တက်အသင်း နောက်တန်းက ထက်ဖြိုးဝေကို ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့သောကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့သည်။ ရရှိလာတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို လမင်းထွေးကန်သွင်းခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပဉ္စမဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်းက “ပွဲနိုင်တဲ့အတွက် ကစားသမားတွေ ကိုယ်စားဝမ်းသာပါတယ်၊ အရှေ့ပွဲရှုံးထားလို့ စိတ်ဖိစီးမှုလေးတွေနဲ့ ပြိုင်နေရတာဆိုတော့ ဒီပွဲအနိုင်ရတဲ့အပေါ် ကစားသမားတွေကိုယ်စားတကယ်ကိုဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ၄ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရဂိုး ၁၀ ဂိုး၊ ပေးဂိုး ၃ ဂိုး၊ ရမှတ် ၁၂ မှတ်ဖြင့် အဆင့် ၂ နေရာတွင်ရပ်နေပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် အား/ကာသိပ္ပံအသင်းနှင့်ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။