မဟာယူနိုက်တက်အသင်းကို ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

မဟာယူနိုက်တက်အသင်းကို ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၆ အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယနေ့ Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၄-၀ ဂိုးဖြင့် ရန်ကုန်အသင်းက မဟာအသင်းကို အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ဆီလာနှင့် ရန်ကျော်ထွေး တို့က နှစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစသည်နှင့် မဟာယူနိုက်တက် အသင်းကို တိုက်စစ်ဆင်ကစားရန် ပြင်ဆင်လာခဲ့သည်။ ပွဲချိန် ၁၉ မိနစ် တွင်လှိုင်းဘိုဘို အလွတ်တည်ကန်ဘော ကန်သွင်းခွင့်ရရှိခဲ့ပြီး မဟာယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သလို ပွဲချိန် ၂၆ မိနစ်တွင်လည်း ဇော်ဝင်းသိန်း၏ အဝေးကန်ချက်ကို ထပ်မံကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၃၃ မိနစ်တွင် ကောင်းထက်စိုး ဘောလုံး တစ်ဖက်အသင်းနှင့် ယှဉ်လုရာမှ ဒဏ်ရာရရှိခဲ့ပြီး ဇာနည်ထက်နှင့် အစားထိုးလဲလှယ် ခဲ့ရသည်။ ပွဲချိန် ၃၈ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဒေးဗစ်ထန်း၏ ဖန်တီးပေးမှုမှတဆင့် ဆီလာ က နှစ်ဆင့်ပိတ်သွင်းယူခဲ့သည်။ ပထမပိုင်းပွဲကစားချိန်အတွင်း ကောင်းထက်စိုးနှင့် ဆယ်လာတို့၏ ဂိုးကန်ချက်များ တိုင်ထိခဲ့သောကြောင့် ဂိုးရရှိမည့် အခွင့်အရေးများ နစ်နာခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက မဟာယူနိုက်တက် အသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်အပြီး ပွဲချိန် ၅၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက် အသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒေးဗစ်ထန်း ချပေးတဲ့ ဘောလုံးကို ဆီလာက ပိတ်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၆၉ မိနစ်တွင် စအောင်ပြည့်ကို အစား လမင်းထွေး၊ ဆီလာ အစား ရန်ကျော်ထွေး တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ၁ မိနစ် အကြာ ပွဲချိန် မိနစ် ၇၀ တွင် ရန်ကျော်ထွေးက ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် စတုတ္ထဂိုးကို ပွဲချိန်မိနစ် ၉၀ အပြီး နာကျင်အချိန် ၂ မိနစ်တွင် ဂိုးသမား ဆန်းဆက်နိုင် ကန်တင်ပေးသည့် ဘောလုံးကို ရန်ကျော်ထွေး အဆုံးသတ် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ်ကို အရယူနိုင်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “ကစားသမားတွေရဲ့ ကြိုးစားမှုနဲ့ ပရိသတ် တွေရဲ့ အားပေးမှုကြောင့် အနိုင်ရရှိခဲ့တာပါ၊ ဆက်ပြီး ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၁၅ မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ လာမည့် မေလ ၃၁ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် ရတနာပုံအသင်းနှင့်ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။