မဟာယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

မဟာယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်-၁၀ အဖြစ် မဟာယူနိုက်တက်အသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၀-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ဝင်းနိုင်ထွန်း၊ စအောင်ပြည့်ကို နှင့် ရန်ပိုင်စိုးတို့ကသွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် ဘုန်းသစ္စာမင်း (ဂိုး)၊ ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့သည့် ကျော်မင်းဦး၊ ဝင်းနိုင်ထွန်း၊ ဇာနည်ထက် တို့ပါဝင်လာခဲ့သည်။ ပထမပိုင်းစပြီး ၁၀ မိနစ်အချိန်တွင် ဇာနည်ထက် ဖြတ်တင်ပေးပို့မှုတဆင့် ဂျူနီယာ ကန်သွင်းရာမှ လျှံကျလာတဲ့ဘောလုံးကို ဝင်းနိုင်ထွန်း ပိတ်သွင်းယူခဲ့သော်လည်း ဂိုးတိုင်ထိပြီး ပြန်ထွက်ခဲ့သောကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိမည့်အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ ထို့နောက် အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ကြသော်လည်း ထိရောက်သည့် ဂိုးကန်သွင်းခွင့်များ မရရှိခဲ့သောကြောင့် ပထမပိုင်းပွဲကစားချိန်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ပွဲချိန် ၅၇ မိနစ်တွင် ထက်ဖြိုးဝေရဲ့ ဖန်တီပေးပို့မှုကနေ တဆင့်် ဝင်းနိုင်ထွန်းက ပိတ်သွင်းယူကာ ရန်ကုန်ယူနိုက်တက်အသင်းအကွက် အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် မောင်မောင်ဝင်း၊ ရန်ကျော်စိုး၊ စအောင်ပြည့်ကို တို့ကို လူစားဝင်ရောက်လာခဲ့ပြီး ဦးဆောင်ဂိုးများ ထပ်မံရရှိရန် ကြိုးစားလာခဲ့သည်။ ပွဲချိန် ၇၆ မိနစ်မှာတွင် ဒေးဗစ်ထန်း၏ပေးပို့မှုကနေတဆင့် လူစားဝင်ကစားသမား စအောင်ပြည့်ကိုက ပိတ်သွင်းယူပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဒုတိယဦးဆောင်ဂိုးရရှိခဲ့သည်။ ထို့နောက် နာကျင်အချိန်ပို ၅ မိနစ်တွင် ရန်ကျော်စိုး၏ ပေးပို့မှုကနေတဆင့် ရန်ပိုင်စိုး ပိတ်သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယဂိုးဦးဆောင်ဂိုးကို ရရှိခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက မဟာယူနိုက်တက်အသင်းကို ၀-၃ ဖြင့်အနိုင်ရရှိခဲ့ပြီး သုံးမှတ်ပြည့်ရယူနိုင်ခဲ့သည်။
ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “အသင်းသားအားလုံးကို ကျေးဇူးတင်ပါတယ်၊ သူတို့ကြိုးစားလို့ ဒီရလဒ်မျိုး ရတာပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၀ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ၇ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှံး၊ ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။