မကွေးအသင်းနောက်တန်းကစားသမား ဟိန်းထက်စည်သူကို နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းချုပ်ဆို

မကွေးအသင်းနောက်တန်းကစားသမား ဟိန်းထက်စည်သူကို နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းချုပ်ဆို

လာမည့်ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် မကွေးနောက်တန်းကစားသမား ဟိန်းထက်စည်သူ ကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၁ အရွယ်ရှိ ဟိန်းထက်စည်သူသည် ရန်ကုန်ဇာတိဖြစ်ပြီး ဘောလုံးပညာရပ်များကို ၂၀၁၀ ခုနှစ်မှစတင်ကာ ၂၀၁၅ ခုနှစ်ထိ မန္တလေးအကယ်ဒမီတွင် လေ့ကျင့်သင်ကြားခဲ့သည်။ MFF-U 18 အသင်းနှင့်အတူ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး တတိယရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မကွေးလူငယ် ယူ-၂၁ အသင်းသို့ရောက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ မကွေးအကြီးအသင်းနှင့်အတူ ပွဲထွက်ယှဉ်ပြိုင်ကစားခဲ့သည်။
သက်တမ်းအလိုက်မြန်မာ့လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၀ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းနှင့် ထိုင်းနိုင်ငံတွင်ကျင်းပသည့် အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲတွင် တတိယ၊ ၂၀၁၇ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် Thanh Nien Newspaper International U-21 ပြိုင်ပွဲတွင် တတိယဆု အသီးသီးရရှိခဲ့သည်။

ရန်ကုန်အသင်းကိုရောက်ရှိလာသည့်အတွက် ဝမ်းသာစကားကို ဟိန်းထက်စည်သူ က ယခုလိုပြောကြားခဲ့သည်။ “ဒီအသင်းကိုရောက်လာတဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ဒါကျွန်တော်ငယ်ငယ်လေးထဲကမက်ခဲ့တဲ့ အိမ်မက်တစ်ခုပါပဲ။ ပိုပြီးလုပ်ပြချင်တဲ့အပြင် ကိုယ့်ထက်အတွေ့အကြုံရှိတဲ့ဝါရင့်ကစားသမားတွေဆီက ပညာယူပြီး ပွဲတွေမှာအကောင်းဆုံး ယှဉ်ပြိုင်ချင်ပါတယ်။ ရန်ကုန်အသင်းဆိုတာက သူ့သမိုင်းနဲ့ ပရိသတ်အခိုင်အမာရှိတဲ့အသင်းဖြစ်ပါတယ်။ အဲ့ဒီအတွက် အသင်းအတွက်ရော ပရိသတ်တွေအတွက်ပါ အကောင်းဆုံးလုပ်ပြသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။