မကွေးအသင်းတိုက်စစ်မှုးပြည်မိုးကို နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

မကွေးအသင်းတိုက်စစ်မှုးပြည်မိုးကို နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

လာမည့်ဘောလုံးရာသီအတွက် ကစားသမားခေါ်ယူအားဖြည့်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် မကွေးအသင်းတိုက်စစ်မှုး ပြည်မိုးကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ တိုက်စစ်မှုးပြည်မိုးသည် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းဇာတိဖြစ်ပြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (မန္တလေး)တွင် ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ လေ့ကျင့်သင်ယူခဲ့သူတစ်ဦးဖြစ်သည်။ ထို့နောက် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲတွင် အား/ကာဝန်ကြီးဌာန ကိုယ်စားပြုအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက် ယူ-၂၁ အသင်းတွင် ဝင်ရောက်ကစားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ရခိုင်ယူနိုက်တက်အကြီးသင်းသို့ တက်လှမ်းနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ထိ လေးနှစ်ကြာကစားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဇေယျာရွှေမြေ၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဟံသာဝတီယူနိုက်တက်အသင်း နှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မကွေးအသင်းတို့တွင် အကောင်းဆုံးခြေစွမ်းပြယှဉ်ပြိုင်ကစားခဲ့သည်။ ထို့အပြင် မြန်မာ့လက်‌‌ရွေးစင်အသင်းနှင့်အတူ Word Cup Qualifiers ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသူတစ်ဦးလည်းဖြစ်သည်။

ရန်ကုန်အသင်းကို ရောက်ရှိလာသည့် ပြည့်မိုးက “ရန်ကုန်အသင်းလို သမိုင်းကြောင်း ရှိတဲ့အသင်းကိုရောက်ရှိလာတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီလိုအသင်းမှာကစားမယ်ဆိုရင် တော်ရုံကြိုးစားမှုနဲ့တော့ မရနိုင်ပါဘူး။ အရည်အချင်းရှိကစားသမားတွေများတဲ့အတွက်ကြောင့် နေရာတစ်နေရာ ရရှိအောင် ပိုပြီးကြိုးစားသွားပါမယ်။ ပရိသတ်တွေအတွက်လည်း အကောင်းဆုံးကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်။” ဟု ဆိုသည်။