မကွေးအသင်းကို ၃-၁ ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ရ

မကွေးအသင်းကို ၃-၁ ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ရ

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက မကွေးအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မကွေးအသင်းက ပြည့်မိုး ၏ သွင်းဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး ရန်ကုန်အသင်းက ကောင်းထက်စိုး၊ အီမာနျုရယ် နှင့် ဘာဖို တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

ကွင်းလယ်ကစားသမား ကြည်လင်း သည် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ယနေ့ပွဲစဉ်တွင် ပွဲထွက်လာခဲ့ခြင်း မရှိဘဲ ပွဲပယ်ပြစ်ဒဏ်မှ ပြန်လည်ပါဝင်လာသည့် မောင်မောင်လွင် ပွဲထွက်လာခဲ့သည်။ ပွဲချိန် ၁၁ မိနစ်တွင် ငြိမ်းချမ်းအောင် လမ်းကြောင်းခင်းပေးသည့် ဘောလုံးကို မောင်မောင်လွင် ၁၈ ကိုက်ထိပ်မှ ကန်သွင်းယူရန် ကြိုးစားသော်လည်း ဂိုးသမားရှင်းထုတ်နိုင်ခဲ့သည်။ ဆက်လက်ပြီးမောင်မောင်လွင် ဘယ်ခြမ်းကတဆင့် ဂိုးရှေ့မတင်ပေးရာ ကောင်းထက်စိုး ခေါင်းတိုက် သွင်းယူရန် ကြိုးစားသော်လည်း ဂိုးဘာတန်းကျော်လွန်ပြီး ဦးဆောင်ဂိုး ရခွင့်နစ်နာခဲ့သည်။ မကွေးအသင်းကဂိုးပေါက်ကန်ခွင့်အချို့ ရရှိခဲ့သော်လည်း ဂိုးသမား ကျော်ဇင်ထက် အကောင်းဆုံး ကာကွယ် နိုင်ခဲ့သည်။ သို့ရာတွင် မကွေးအသင်းက ရရှိသည့် အခွင့်အရေးကိုအပိုင် အသုံးချပြီးပွဲချိန် ၃၁ မိနစ်တွင် ပြည့်မိုး က ၁၈ ကိုက်ထိပ်မှ ကန်သွင်း ယူနိုင်ခဲ့ပြီး ဦးဆောင်ဂိုးရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၃၇ မိနစ်တွင် ငြိမ်းချမ်းအောင် လမ်းကြောင်းချပေးမှုမှတဆင့် ကောင်းထက်စိုး က သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့ ၁-၁ ဂိုးဖြင့် သရေရလဒ် ထွက်ပေါ် နေခဲ့သည်။

ဒုတိယပိုင်းစပြီး ၅၁ မိနစ်တွင် မင်းကျော်ခန့် ဘယ်ခြမ်းက ဂိုးရှေ့မတင်ပေးရာ အီမာနျုရယ်က ခေါင်းတိုက်သွင်းယူပြီး ဦးဆောင်ဂိုး ရရှိခဲ့သည်။ ပွဲချိန် ၇၄ မိနစ်တွင် ငြိမ်းချမ်းအောင် အစား ဘာဖို၊ ၈၁ မိနစ်တွင် ကောင်းထက်စိုး အစား သိန်းသန်းဝင်း ဝင်ရောက်ကစားခဲ့သည်။ မိနစ် ၈၀ နောက်ပိုင်းတွင် ရန်ကုန်အသင်း ဂိုးကန်သွင်းခွင့် အခွင့်အရေးများ ရရှိခဲ့ပြီး ၈၇ မိနစ်တွင် ရန်ကုန်အသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရရှိခဲ့သည်။ ထိုပြစ်ဒဏ်ဘောကို ဇာနည်ထက် ကန်တင်ပေးခဲ့ရာ ဘယ်ခြမ်းမှ သိန်းသန်းဝင်း ရယူပြီး ဂိုးရှေ့မတင် ပေးခဲ့သည့်ဘောလုံးကို ဘာဖို က အနီးကပ် ခေါင်းတိုက် သွင်းယူခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက မကွေးအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်းက “ဒီနေ့မှာ အနိုင်ရလဒ်အတွက် ကြိုးစားကစားပေးခဲ့တဲ့ ကစားသမားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အနိုင်ရလဒ်ကို ကျေနပ်ပေမယ့် ဒီထက်ပြင်ဆင်စရာတွေရှိပါသေးတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၈ ပွဲနိုင်၊ ၂ ပွဲသေရ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၆ မှတ် ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆောက်သမ်းမြန်မာအသင်းနှင့် သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။