မကွေးအသင်းကို ဂိုးမိုးရွာပြီး အဖွင့်လှခဲ့သည့်ရန်ကုန်ယူနိုက်တက်အသင်း

မကွေးအသင်းကို ဂိုးမိုးရွာပြီး အဖွင့်လှခဲ့သည့်ရန်ကုန်ယူနိုက်တက်အသင်း

ပြန်လည်စတင်သည့် မြန်မာနေရှင်နယ်လိဂ် ပထမဦးဆုံးပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း က မကွေးအသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အနိုင်သုံးမှတ်ပြည့်ရယူနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ဘာဖို၊ မောင်မောင်လွင် နှင့် အီမာနျုရယ် တို့က ပထမပိုင်းတွင် သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် လူစားဝင်လာသည့် ကြည်လင်း က ၂ ဂိုး၊ ရန်ပိုင်စိုး ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲမစတင်မီအချိန်တွင် Covid-19 ကာလအတွင်း ‌‌ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်ဖက်အသင်းမှကစားသမားများက ဂုဏ်ပြုလက်ခုပ်တီးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက်ပွဲကို ဆက်လက်ကစားခဲ့ပြီး ပွဲချိန် ၁၄ မိနစ်တွင် သိန်းသန်းဝင်း နှင့် အီမာနျုရယ်တို့ အချိတ်အဆက်မိမိဖြင့် မောင်မောင်လွင် ထံပေးပို့ခဲ့ရာ မောင်မောင်လွင် ကန်သွင်းရန်ကြိုးစားခဲ့သော်လည်း အားပျော့ပြီး ဂိုးသမားဖမ်းမိခဲ့သည်။ ရန်ကုန်အသင်း ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၂၆ မိနစ်တွင် ရန်နိုင်ဦး ဘယ်ခြမ်းမှ ဂိုးရှေ့ကန်တင်ပေးရာ ဘာဖို အပိုင်ခေါင်းတိုက်သွင်းနိုင်ခဲ့ပြီး ဦးဆောင်ဂိုးရရှိခဲ့သည်။ ဆက်လက်ပြီး ကွင်းလယ်မှ ကောင်းထက်စိုး ၏ ဖန်တီးပေးမှုဖြင့် ပွဲချိန် ၄၁ မိနစ်နှင့် ၄၅ မိနစ်တွင်တို့တွင် မောင်‌မောင်လွင် နှင့် အီမာနျုရယ်တို့ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၃-၀ ဂိုးဖြင့် မကွေးအသင်းကို ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် တိုက်စစ်နှင့် ကွင်းလယ်ကို ကောင်းထက်စိုး အစား ရန်ပိုင်စိုး၊ အီမာနျုရယ် အစား ကြည်လင်းတို့ ဝင်ရောက်ကစားခဲ့ပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် တစ်ဖက်အသင်းကို ခြိမ်း‌ခြောက်ကစားနိုင်ခဲ့သည်။ မကွေးအသင်းက ချေပဂိုးရရှိရန် လူစားလဲမှုများပြုလုပ်ပြီး တိုက်စစ်ဆင်ခဲ့သော်လည်း ရန်ကုန်နောက်တန်းနှင့် ဂိုးသမားတို့က ကာကွယ်ဟန့်တားနိုင်ခဲ့သည်။ ပွဲချိန် ၇၁ မိနစ်တွင် မောင်မောင်လွင် ညာခြမ်းမှ ဂိုးရှေ့ချိုးချပေးရာ ရန်ပိုင်စိုး အနီးကပ်သွင်းယူနိုင်ခဲ့သည်။ ဆက်လက်ပြီး အချိန်ဆက်မိမိဖြင့် ယှဉ်ပြိုင်ခဲ့ရာ ကြည်လင်း က ပွဲချိန် ၈၂ မိနစ်နှင့် ၈၉ တို့တွင် ရန်ကုန်အသင်းအတွက် ထပ်မံသွင်းယူပေးနိုင်ခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မကွေးအသင်းကို ၆-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်း က “ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းက ကြံ့ခိုင်မှုကောင်းကောင်းနဲ့ကစားခဲ့တဲ့အတွက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တစ်ဖက် မကွေးအသင်းက ကစားသမားတွေလည်းကောင်းပါတယ်။ ဒါပေမယ့် မိနစ် ၉၀ ကစားတဲ့အချိန်မှာ ကြံ့ခိုင်မှုမပြည့်ဝလို့ ရှုံးနိမ့်ခဲ့တယ်လို့ထင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၈ ပွဲကစား၊ ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၁၇ မှတ်ရရှိထားပြီး လာမည့် ဩဂုတ်လ ၂၆ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။