မကွေးနှင့်ပွဲအတွက် သေချာပြင်ဆင်ပြီးယှဉ်ပြိုင်သွားမည် ဟု သူရိန်စိုး ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ သူရိန်စိုး က မကွေးအသင်းနှင့်ပွဲစဉ်အတွက် သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် ညနေ ၄း၀၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

သူရိန်စိုး က “အသင်းကို နားရက်ပေးပြီး ပြန်ဆင်းတဲ့အချိန်ကစလို့ လာမယ့်ပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်နေကြပါတယ်။ မကွေးအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက် သေချာအာရုံစိုက်ပြီးကစားသွားပါမယ်။” ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး သူရိန်စိုး က “အသင်းတိုင်းက ရန်ကုန်အသင်းနဲ့တွေ့ရင် ပိုပြီးအားထည့်ကစားကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အသင်းက ချန်ပီယံဖြစ်ရေးအတွက် ဦးတည်ပြီးယှဉ်ပြိုင်ကစားနေတဲ့အတွက် တစ်ပွဲချင်းစီကို သေချာပြင်ဆင်ပါတယ်။ မကွေးအသင်းကလည်း ပြည်တွင်းကစားသမားတွေနဲ့ ဖွဲ့ထားတဲ့အသင်းကောင်းဖြစ်တဲ့အတွက် လျော့တွက်လို့မရပါဘူး။ ဒါကြောင့် သေချာပြင်ဆင်ယှဉ်ပြိုင်သွားပါမယ်။” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့၏ ၂၀၁၉ ခုနှစ်တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက နှစ်ကျော့စလုံး အနိုင်ရရှိထားခဲ့သည်။

ဆက်လက်ပြီး ကွင်းပိတ်ကစားသည်နှင့် ပတ်သက်၍ ၎င်း က“ကွင်းပိတ်ကစားတာကတော့ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့အတွက်တော့ ပရိသတ်အားပေးမှုလိုပေမယ့် အခုအခြေအနေမှာကြတော့ အဝေးကနေအားပေးကြပါ။ ဒီပွဲကို Channel K နဲ့ My Sports Facebook Page ကနေလည်း တိုက်ရိုက်ပြသမှာဖြစ်တဲ့အတွက် စောင့်ကြည့်အားပေးကြဖို့ ပြောချင်ပါတယ်။” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၉ ပွဲယှဉ်ပြိုင်ကစားထားပြီး ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၀ မှတ်နှင့် အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိပြီး မကွေးအသင်းသည် ၉ ပွဲကစား၊ ၁ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၇ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။