ဘရားဇီးနိုင်ငံသား တိုက်စစ်မှုးဗယ်စီတေစီရီယာဂျုနီယာကို ၂၀၂၂ ခုနှစ်ရာသီကုန်ထိ စာချုပ်ချုပ်ဆို

ဘရားဇီးနိုင်ငံသား တိုက်စစ်မှုးဗယ်စီတေစီရီယာဂျုနီယာကို ၂၀၂၂ ခုနှစ်ရာသီကုန်ထိ စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ ခုနှစ်ဒုတိယရာသီဝက်အတွက် ကစားသမားအားဖြည့်မှုအဖြစ် ဘရားဇီးနိုင်ငံသား တိုက်စစ်မှုးဗယ်စီတေစီရီယာဂျုနီယာကို ၂၀၂၂ ခုနှစ်ရာသီကုန်ထိ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။
တိုက်စစ်ပိုင်းအားဖြည့်ရန်အတွက် စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်စစ်မှုး ဂျုနီယာသည် ယခင်ထိုင်းကလပ် ချိုင်နက်ယူနိုက်တက်အသင်းမှ ပြောင်းရွှေ့လာခြင်းဖြစ်သည်။
အရပ် ၆ ပေ ၂ လက်မရှိ တိုက်စစ်မှုး ဂျုနီယာ သည် အသက် ၁၉ နှစ်မှစတင်ကာ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ကစားခဲ့ပြီးဂျပန်လိဂ်၊ မလေးရှားလိဂ်၊ အိန္ဒိယလိဂ်၊ကမ္ဘောဒီးယားလိဂ်နှင့် ထိုင်းလိဂ်များရှိ နာမည်ကြီးကလပ်အသင်းများတွင်ကစားခဲ့ဖူးသည့် အတွေ့အကြုံရှိတိုက်စစ်မှုးတစ်ဦးဖြစ်သည်။
ယခုလိုအသင်းကိုရောက်ရှိလာသည့်နှင့်ပတ်သက်၍ ဂျုနီယာ က “ကျွန်တော်က ထိုင်း၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ နဲ့ ကမ္ဘောဒီးယားကလပ်တွေမှာကစားခဲ့ဖူးပါတယ်။ ဒီကိုလာခဲ့တာလည်း စိန်ခေါ်မှုအသစ်တွေကို ရချင်တဲ့အတွက်ရော တစ်ခါမှမကစားခဲ့ဖူးတဲ့အတွက် လာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အကောင်းဆုံး အသင်းတစ်သင်းနဲ့အတူကစားရတော့မှာဖြစ်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ အသင်းကို ကိုယ်တက်စွမ်းသလောက် ကူညီပြီး ဒုတိယအကျော့မှာအကောင်းဆုံးဖြစ်အောင် အားလုံးနဲ့အတူကြိုးစားသွားပါမယ်။” ဟု ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီအတွက်ပြည်တွင်းကစားသမား ၅ ဦးခေါ်ယူခဲ့ပြီး တိုက်စစ်မှုးဂျုနီယာသည် ယခုနှစ်အတွက်ပထမဦးဆုံးခေါ်ယူခဲ့သည့် နိုင်ငံခြားသားကစားသမား ဖြစ်သည်။