ဗဟိုခံစစ်ကစားသမား ဇော်ရဲထွန်းကို ၁ နှစ်စာချုပ်ချုပ်ဆို

ဗဟိုခံစစ်ကစားသမား ဇော်ရဲထွန်းကို ၁ နှစ်စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီအတွက် ကစားသမားဖြည့်တင်းမှုအဖြစ် ရတနာပုံနောက်တန်းကစားသမား ဇော်ရဲထွန်းကို ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ဇာတိဖြစ်ပြီး အသင်းဖော် ကစားသမားကြားတွင် အရှည်ကြီး ဟု ခေါ်ကြသည့် ဇော်ရဲထွန်းသည် အရပ် ၅ ပေ ၁၁ လက်မရှိပြီး ဗဟိုခံစစ်နေရာတွင် မြင့်မားသည့် အရပ်အမောင်းနှင့် အတူ တစ်ဖက်အသင်း၏ တိုက်စစ်ကို ကာကွယ်ဖြတ်ထုတ်ပေးနိုင်သူ ဖြစ်သည်။ သူသည် ဝန်ကြီးဌာန‌ပေါင်းစုံ ပြိုင်ပွဲမှတဆင့် ၂၀၁၃ ခုနှစ်တွင် ရတနာပုံယူ- ၂၁ အသင်းကို ရောက်ရှိခဲ့ပြီး ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ်တွင် ရတနာပုံအသင်းကြီးတွင် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် ချန်ပီယံဆုရရှိအောင် ထပ်မံ စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ရတနာပုံအသင်းနှင့်အတူ ၈ ရာသီ ပါဝင်ကစားခဲ့ပြီး AFC Cup ပြိုင်ပွဲ ၂ ကြိမ် ကစားခွင့်ရရှိခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်တွင် မြန်မာယူ-၂၂ အသင်း၊ ၂၀၁၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ၂၀၁၈ ဆူဇူကီးဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ နှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲတို့တွင်ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။
ဇော်ရဲထွန်းက “ ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့အတွက် ပျော်ရွှင်မိပါတယ်၊ အစစအရာရာ ပြည့်စုံအောင်လည်း စီစဉ်ပေးပါတယ်၊ အသင်းနှင့်အတူ ချန်ပီယံဆုဖလားကိုလည်း ကိုင်မြှောက်ချင်ပါတယ်၊ AFC Cup မှာလည်း အတိုင်းအတာတစ်ခုထိရောက်အောင် စွမ်းဆောင်ပေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။