ပွဲတိုင်းအနိုင်ရလဒ်ရရှိအောင် အာရုံစိုက်ပြင်ဆင်နေသည် ဟု အဘူဘာကာ ဆို

ပွဲတိုင်းအနိုင်ရလဒ်ရရှိအောင် အာရုံစိုက်ပြင်ဆင်နေသည် ဟု အဘူဘာကာ ဆို

ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ အဘူဘာကာ က ပွဲတိုင်းအနိုင်ရလဒ်ရရှိအောင် အာရုံစိုက်ပြီး ပြင်ဆင်နေသည် ဟု ပြောကြားခဲ့သည်။

အဘူဘာကာ က “လာမယ့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲတိုင်းက ကျွန်တော်တို့အတွက် အရေးကြီးတယ်လို့မှတ်ယူထားပါတယ်။ ဒါကြောင့် အာရုံစူးစိုက်မှုမလျော့ဘဲ ယှဉ်ပြိုင်သွားပါမယ်” ဟု မကွေးအသင်းနှင့် ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် စက်တင်ဘာ ၇ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

“အခုအသင်းရဲ့ ခြေစွမ်းက အရမ်းကိုကောင်းနေပါတယ်။ ကစားသမားတိုင်းက အာရုံစူးစိုက်မှုအပြည့်နဲ့ ကိုယ့်အလုပ်ကိုလုပ်ကြတယ်။ နည်းပြကလည်း သူရဲ့နည်းစနစ်ကောင်းတွေနဲ့ သင်ကြားပြသပေးပါတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ပွဲမှာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။” ဟု အဘူဘာကာ က အသင်း၏ လက်ရှိခြေစွမ်းနှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် စစ်ကိုင်းအသင်းနှင့် ကစားပြီး ၂ ရက်သာ လေ့ကျင့်ချိန်ရရှိခဲ့သည်။ “အခုချိန်မှာ အသင်းကကစားသမားတွေအားလုံး အဆောင်မှာပဲ စခန်းဝင်လေ့ကျင့်နေကြတာဖြစ်ပါတယ်။ ဒီမှာပဲအပြည့်အဝအနားယူပြီး ကိုယ့်ကိုယ်ကိုကျန်းမာကြံ့ခိုင်နေအောင်လုပ်ထားဖို့ အရေးကြီးတယ်ဆိုတာ အားလုံးလည်း သိကြတဲ့အတွက် စိုးရိမ်မှုမရှိပါဘူး။” ဟု ဆိုသည်။

ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက မကွေးအသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

အဘူဘာကာ က “လာမယ့် မကွေးနဲ့ပွဲကလည်း လွယ်ကူမယ့် ပွဲတစ်ပွဲမဟုတ်ဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မကွေးအသင်းက ရန်ကုန်အသင်းကို ၆-၀ ဂိုးရှုံးနိမ့်ထားခဲ့တဲ့အတွက် လာမယ့်ပွဲမှာ ပြန်လည်ချေပနိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်လာမယ် လို့ထင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

“အသင်းအတွက် ကိုယ့်အလုပ်ကို တာဝန်ကျေအောင် အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ပရိသတ်တွေလည်း ကျွန်တော်တို့ပွဲတွေကို ဆက်လက်အားပေးကြပါဦးလို့ပြောချင်ပါတယ်။” ဟု ၄င်းက ထပ်မံ ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၁ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၃ မှတ်ရရှိထားပြီး အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။ ပြိုင်ဘက် မကွေးအသင်းသည် ၁၁ ပွဲကစား၊ ၁ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံး၊ ရမှတ် ၇ မှတ်နှင့် အဆင့် ၉ နေရာတွင် ရပ်တည်လျက်ရှိသည်။