ပြိုင်ဘက်အသင်းကိုလျော့မတွက်ဘဲယှဉ်ပြိုင်သွားမည်ဟု ဂိုးသမားဆန်းဆက်နိုင် ပြောကြား

ပြိုင်ဘက်အသင်းကိုလျော့မတွက်ဘဲယှဉ်ပြိုင်သွားမည်ဟု ဂိုးသမားဆန်းဆက်နိုင် ပြောကြား

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းဂိုးသမားဆန်းဆက်နိုင်က ပြိုင်ဘက်အသင်းကို လျော့မတွက်ဘဲလေးလေးစားစားနှင့် ယှဉ်ပြိုင်သွားမည်ဟု မြဝတီအသင်းနှင့်ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ၃:၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် မြဝတီအသင်းနှင့်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုနှင့်ပတ်သက်၍ “တစ်ဖက်အသင်းရဲ့ကစားပုံတွေကိုကြည့်ပြီးသေချာပြင်ဆင်ထားပါတယ်။ အခုတွေ့မယ့်အသင်းကလည်း ရမှတ်ကအပေါ်အောက်သိပ်မကွာတဲ့အသင်းဆိုတော့ လျော့မတွက်ဘဲလေးလေးစားစားနဲ့ယှဉ်ပြိုင်သွားပါမယ်။” ဟု ဆန်းဆက်နိုင်က ဆိုသည်။
မြဝတီအသင်းသည် လက်ရှိ ၂၀၂၂ ခုနှစ်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင်အကောင်းဆုံးပုံစံနှင့်ယှဉ်ပြိုင်နေသည့် အသင်းကောင်းတစ်သင်းလည်းဖြစ်သည်။
“ကျွန်တော်တို့အသင်းကပွဲတိုင်းကိုသေချာပြင်ဆင်ပါတယ်။ ကျွန်တော်တို့ကွင်းထဲမှာအလုပ်လုပ်ပြနိုင်စွမ်းက လေ့ကျင့်ရေးလုပ်တဲ့နှုန်းပေါ်မှာမူတည်တယ်လို့မြင်ပါတယ်။ တစ်ဖက်အသင်းကလည်း ကြံ့ခိုင်မှုကိုအသားပေးတဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် သူတို့အသင်းရဲ့အားသာချက်၊ အားနည်းချက်တွေကိုကြည့်ပြီး ဘယ်လိုတုန့်ပြန် သွားမလဲဆိုတာကိုပြင်ဆင်ထားပါတယ်။” ဟု လက်ရှိတွင် အကောင်းဆုံးပုံစံဖြင့်လက်စွမ်းပြကစားနေသည့် ဆန်းဆက်နိုင် က ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်း က “အားပေးနေကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အသင်းအတွက် ကျွန်တော်တို့တွေအကောင်းဆုံးကြိုးစားသွားပါမယ်။ ဒီထက်ပိုပြီးအားပေးကြပါဦး လို့ပြောချင်ပါတယ်။” ဟု ပရိသတ်များကိုဖိတ်ခေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၆ နှင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး မြဝတီအသင်းက ၁၂ ပွဲကစား၊ ၈ ပွဲနိုင်၊ ၄ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်နှင့် အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။