ဒေးဗစ်ထန်း ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ရခိုင်ယူနိုက်တက်အသင်းကိုအနိုင်ရရှိ

ဒေးဗစ်ထန်း ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ရခိုင်ယူနိုက်တက်အသင်းကိုအနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ တတိယပွဲစဉ်အဖြစ် ရခိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ‌ဒေးဗစ်ထန်း၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၂-၃-၁ ပုံစံဖြင့် ပွဲထွက်ကစားခဲ့ပြီး တစ်ဖက်အသင်းကို ထိန်းချုပ်ကစားရန် ပြင်ဆင်လာခဲ့သည်။ ပွဲကစားချိန် ၃၄ မိနစ်တွင် လမင်းထွေး အပိုင်ကန်သွင်းခွင့် ရရှိခဲ့သော်လည်း ရခိုင်ယူနိုက်တက် ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့၍ ထောင့်ကန်ဘောဖြစ်ခဲ့သည်။ ရရှိလာသည့် ထောင့်ကန်ဘောကို သီဟထက်အောင် ခေါင်းတိုက်ပိတ်သွင်းယူရန် ကြိုးစားခဲ့ရာတွင် ရခိုင်ယူနိုက်တက်ဂိုးသမား အမှားအယွင်းမရှိ ထပ်မံကာကွယ် နိုင်ခဲ့သည်။ ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးချိန်တွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေ ရလဒ်နှင့်သာပထမပိုင်းပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း လူစားလဲမှုတချို့ကိုပြုလုပ်ခဲ့ပြီး ဦးဆောင်ဂိုး ရရှိရန် ကြိုးစားလာခဲ့သည်။ ပွဲကစားချိန် ၄၈ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်း နောက်ခံကစားသမား ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ကျော်မင်းဦး ကန်သွင်းယူရာ ဂိုးပေါက်နှင့်အနည်းငယ် ကပ်လွဲချော်ခဲ့သည်။ ပွဲကစားချိန် ၈၆ မိနစ် အရောက်တွင် ကျော်မင်းဦး ဖြတ်တင်ပေးပို့သည့် ဘောလုံးကို ဒေးဗစ်ထန်းပိတ်သွင်းယူရာမှာ ဦးဆောင်ဂိုးကို ရရှိခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ်ကိုထပ်မံစုဆောင်းနိုင်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမင်းထွန်းလင်းက “ဒီနေ့ပွဲစဉ်က ကစားရခက်တဲ့ ပွဲစဉ်ပါ၊ ကျွန်တော်တို့ကလည်း ဂိုးရချင်ဇောနဲ့အမှားလေးတွေ ရှိပါတယ်။ ဒီထက်ပိုရင့်ကျက်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၃ ပွဲနိုင်၊ ရဂိုး ၅ ဂိုး၊ ရမှတ် ၉ မှတ် ရရှိထားပြီး အဆင့် ၁ နေရာတွင် ရပ်တည်နေသည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစား ရမည်ဖြစ်သည်။