ဒဂုံစတားယူနိုက်တက်အသင်းကို အနိုင်ယူပြီးလေးပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ဒဂုံစတားယူနိုက်တက်အသင်းကို အနိုင်ယူပြီးလေးပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၄ အဖြစ် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၀-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ရန်ကျော်စိုးက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစသည်နှင့် တစ်ဖက်အသင်းကို တိုက်စစ်ဆင်ကစားရန် ကြိုးစားလာခဲ့သည်။ ပွဲချိန် ၄၃ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ဆယ်လာ အခွင့်အရေးရရှိခဲ့သော်လည်း ဂိုးပေါက်နှင့်လွဲချော်ခဲ့သောကြောင့် ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ နှစ်ဖက်အပြန်အလှန် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့သောကြောင့် ပထမပိုင်း ပွဲကစားချိန်အပြီးတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန် ပွဲချိန် ၄၅ မိနစ်တွင် ဘယ်တောင်ပံမှ ရန်နိုင်ဦး ဖြတ်တင်ပေးပို့သည့် ဘောလုံးကို ဆယ်လာ ပိတ်သွင်းယူဖို့ ကြိုးစားခဲ့သော်လည်း ဒဂုံစတားယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၅၃ မိနစ်တွင် ကောင်းထက်စိုး အစား ဥက္ကာနိုင်၊ လှိုင်းဘိုဘို အစား ရန်ကျော်စိုးတို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ဉီးဆောင်ဂိုးရရှိရန် ပြင်ဆင်လာခဲ့သည်။ ပွဲချိန် မိနစ် ၆၀ တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးစတင် ရရှိခဲ့ပြီး လူစားဝင်ကစားသမား ရန်ကျော်စိုးက အဝေးကန်ချက်ဖြင့် လှလှပပ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ လက်ကျန်မိနစ်များတွင် အပြန်အလှန် တိုက်စစ်ဆင်မှုများ ရှိခဲ့သော်လည်း ဂိုးထပ်မံရရှိခဲ့ခြင်း မရှိခဲ့သောကြောင့် ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက် အသင်းကို ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “ဒီနေ့က ပွဲကောင်းတစ်ပွဲပါပဲ၊ ဒဂုံအသင်းက ကျစ်ကျစ်လစ်လစ်နဲ့ သေချာကစားခဲ့တယ်၊ ကျွန်တော်တို့လည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ၄ ပွဲယှဉ်ပြိုင်ကစားအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် နိုင်ပွဲ ၄ ပွဲ၊ ရမှတ် ၁၂ မှတ်၊ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ပွဲစဉ် ၅ အဖြစ် လာမယ့် မတ်လ ၁၆ ရက်နေ့ Yangon United Sports Complex တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။